NLD အမတ်လောင်းတွေ ဆေးစစ် ချက်အောင်ရမယ်လို့ ညွှန်ကြား
2015.06.12

လာမယ့် ၂ဝ၁၅ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနေ ဝင်ရောက်ယှဉ်ပြိုင်မယ့် လွှတ်တော်ကိုယ်စားလှယ်လောင်းတွေဟာ ကျန်းမာရေးဆေးစစ်ချက် အောင်သူတွေဖြစ်ရမယ်လို့ ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ညွှန်ကြားထားပါတယ်။
ကျန်းမာရေး အားနည်းချက်ကြောင့် လွှတ်တော်ကို အချိန်ပြည့် မတက်ရောက်နိုင်မှာကို စိုးရိမ်တဲ့အတွက် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်အရွေးခံမယ်ဆိုရင် ကျန်းမာရေးစစ်ချက်ကို တင်ပြရမှာဖြစ်တယ်လို့ အန်အယ်လ်ဒီပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဒေါက်တာဇော်မြင့်မောင်က ပြောပါတယ်။
"ကျနော်တို့ ဥက္ကဌက ကိုယ်စားလှယ်တွေ မပျက်စေချင်ဘူးလေ၊ ဆိုတော့ သဘောက ကျန်းမာရေးကြောင့် အနားယူရတယ် နစ်နာတယ်ပေါ့နော်၊ ဒါတော့ မတက်နိုင်တော့ နောင်တစ်ခါ လာမယ့်ဟာမှာ ကျန်မာရေးကောင်းကောင်းနဲ့ လွှတ်တော်တက်နိုင်တဲ့လူတွေပဲ အလုပ်လည်းလုပ်မယ် မဟုတ်ဘူးလား ဒါကြောင့်မို့လို့ ကျန်းမာရေးကို ကျနော်တို့ စစ်ခိုင်းကြတာပါ၊ အခုက လာမယ့် ၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲ အတွက် ကျန်းမာရေးစစ်ရမယ်၊ ကျနော်တို့ရဲ့မူဝါဒ ကိုယ်စားလှယ်လောင်းတိုင်းဟာ ရွေးတော့မယ် ဆိုကတည်းက ကျနော်တို့က ကျန်းမာရေး ဆေးစစ်ချက်တင်ရမယ်၊ အကုန်လုံးပေါ့ဗျာ အသည်းတို့ ဘာတို့ရောပေါ့ဗျာ ဘီပိုး၊ စီပိုးအစ အကုန်တင်ရမယ်"
ပါတီကိုယ်စားလှယ်လောင်းအဖြစ် အမည်စာရင်း တင်သွင်းမယ့်သူတွေဟာ ပါတီတွင်း စည်းမျဉ်းစည်းကမ်းတွေ ကို ဖောက်ဖျက်သူ မဖြစ်ရသလို ပါတီငွေကြေး အရှုပ်အရှင်းမရှိသူတွေ ဖြစ်ရမယ်လို့ ညွှန်ကြားထားကြောင်း သိရပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ လာမယ့် ၂ဝ၁၅ ရွေးကောက်ပွဲမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဝင်ရောက် ယှဉ်ပြိုင်မယ့် ပါတီဖြစ်တာကြောင့် ကိုယ်စားလှယ်လောင်း တစ်ထောင်ကျော် ရွေးချယ်ရမှာဖြစ်ပါတယ်။