နေပြည်တော်မှာယှဉ်ပြိုင်ကြမယ့် NLD အမတ်လောင်းတွေ အမည် စာရင်းသွင်း


2015.08.05
nld-candidate-application-620.jpg ၂ဝ၁၅ ရွေးကောက်ပွဲအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦး မှတ်ပုံတင်စဉ်
Photo: RFA

လာမယ့် နိုဝင်ဘာလ ၈ရက်နေ့ ရွေးကောက်ပွဲမှာ နေပြည်တော် ၈ မြို့နယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် NLD ကိုယ်စားလှယ်လောင်း ၁၀ ဦးနဲ့ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးပါတီက ကိုယ်စားလှယ်လောင်း ၂ ဦး စုစုပေါင်း ၁၂ ဦးဟာ နေပြည်တော် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှာ ဒီနေ့ အမည်စာရင်း တင်ခဲ့ကြပါတယ်။

အန်အယ်လ်ဒီပါတီက နေပြည်တော် မဲဆန္ဒနယ်အားလုံးမှာ အနိုင်ရရှိဖို့အတွက် ကြိုးစား ယှဉ်ပြိုင်သွားမှာ ဖြစ်တယ်လို့ ဇမ္ဗူသီရိမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် လောင်းအဖြစ် အမည်စာရင်းတင်ခဲ့တဲ့ ဦးဖြိုးဇေယျာသော်က ပြော ပါတယ်။

"ကျနော်တို့တွေအနေနဲ့ကတော့ ဘယ်သူနဲ့မဆို အားသာတယ်၊ အားနည်းတယ်တော့ မရှိဘူး၊ အစွမ်းကုန် လုပ်နိုင်သလောက် အတိုင်းအတာလေးနဲ့တော့ ကျနော်တို့ကြိုးစား ကြရမှာပဲ၊ နေပြည်တော်ကောင်စီ မှာ ပြည်သူ့လွှတ်တော်အတွက် မဲဆန္ဒနယ်မြေ ၈ ခုရှိပါတယ်၊ အမျိုးသားလွှတ်တော်အတွက် မဲဆန္ဒနယ်မြေ ၂ ခုရှိပါတယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ပြည်သူ့လွှတ်တော်အတွက် မဲဆန္ဒနယ် ၈ ခုစလုံးရော၊ အမျိုးသားလွှတ်တော်အတွက် မဲဆန္ဒနယ်၂ ခု စလုံးရောဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်"

ဦးဖြိုးဇေယျာသော်ဟာ လက်ရှိ ပုဗ္ဗသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဖြစ်ပါတယ်။

နေပြည်တော်မှာ ဒက္ခိဏသီရိ၊ ဥတ္တရသီရိ၊ ဇမ္ဗူသီရိ၊ ဇေယျာသီရိ၊ ပုဗ္ဗသီရိ၊ ပျဉ်းမနား၊ လယ်ဝေး၊ တပ်ကုန်း စတဲ့ မြို့နယ် ၈မြို့နယ်ရှိရာ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၈ ခုနဲ့ အမျိုးသားလွှတ်တော်အတွက် မဲဆန္ဒနယ် ၂ ခု စုစုပေါင်း ၁၀ ခုရှိ ပါတယ်။

ဒီနေ့ ကိုယ်စားလှယ်လောင်းအမည်စာရင်း တင်ခဲ့တဲ့ တစညပါတီက လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးကျော်အေးဟာ ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ ဇမ္ဗူသီရိမဲဆန္ဒနယ်မှာ သမ္မတ ဦးသိန်းစိန်နဲ့ ယှဉ်ပြိုင်ခဲ့သူဖြစ်ပြီး အခုလည်း အဲဒီ့မဲဆန္ဒနယ်မှာပဲ ယှဉ်ပြိုင်မှာဖြစ်ပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှာ ပြီးခဲ့တဲ့ သြဂုတ်လ ၂၀ရက်နေ့ကနေ မနေ့ကအထိ ၁၆ရက်အတွင်း လွှတ်တော်ကိုယ်စားလှယ်လောင်း ၂၀၀၀ ကျော် အမည်စာရင်းတင်သွင်းထားပါတယ်။

နေပြည်တော် မဲဆန္ဒနယ်မြေတွေအတွက် အန်အယ်လ်ဒီပါတီက ၁၀ ဦး၊ ပြည်ထောင်စု ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီက ၇ဦး၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီက ၃ ဦး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီက ၆ ဦးနဲ့ တသီးပုဂ္ဂလ ၁ ဦး စုစုပေါင်း ၂၇ ဦး ကိုယ်စားလှယ်လောင်း လျှောက်ထားတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။