ဝန်ကြီးချုပ် ၄ ဦးလောက် တိုင်ကြားခံထားရ


2017.08.20
dr-myonyunt-622.jpg ဒေါက်တာမျိုးညွန့် ကို ၂၀၁၇ သြဂုတ်လ ၂၀ ရက်နေ့က တွေ့ရစဉ်
Photo: Win Ko Ko Latt/ RFA

ပြည်နယ်နဲ့ တိုင်းဒေသကြီးဝန်ကြီးချုပ် လေးဦးလောက်ဟာ ဥပဒေမဲ့ လုပ်ဆောင်တယ်ဆိုပြီး တိုင်ကြားခံထားရတာရှိတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်များ တိုင်ကြားစာဌာန တာဝန်ခံ၊ ဒေါက်တာမျိုးညွန့်က ပြောပါတယ်။

နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ စည်ပင်ဧည့်ရိပ်သာက ယူနီစံလက်ဖက်ရည်ဆိုင်မှာ ကျင်းပတဲ့ NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးအပြီး မှာ ဒေါက်တာမျိုးညွန့် က ပြောတာဖြစ်ပါတယ်။

"အများအားဖြင့် သူတို့ကတော့ ဥပဒေမဲ့ လုပ်ဆောင်ဆိုပြီး တိုင်တာပေါ့ဗျာ၊ ဒါပေမဲ့ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေ အများစုကဖြင့် ကျနော်တို့ အစည်းအဝေးဆုံးဖြတ်ချက်ပေ့ါ လုပ်ဆောင်တာဖြစ်တယ်၊ သူတို့မှာလည်း မှတ်တမ်းမှတ်ရာ အစုံအလင်ရှိတယ်ဆိုတော့ သူတို့ကို အရေးယူနိုင်ခြင်းမရှိပါဘူး၊ အရေးယူရအောင်လည်း ကျနော်တို့ ပြစ်မှုထင်ရှား တွေ့ရှိခြင်းမရှိပါဘူး"

တချို့တွေကိုတော့ အရေးယူခဲ့တာ အားလုံးအသိဖြစ်တယ်လို့ မွန်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးမင်းမင်းဦးကို ရည်ညွှန်းပြောကြားပါတယ်။

တိုင်ကြားစာဌာနအနေနဲ့ တိုင်ကြားစာပေါင်း ၄၀၀ ကျော်လက်ခံရရှိခဲ့ပြီး တိုင်ကြားသူတွေက ပါတီတွင်း၊ ပြည်သူတွေနဲ့ အခြားအဖွဲ့အစည်းတွေက တိုင်ကြား တာဖြစ်ကြောင်း၊ အဲဒီထဲက၂၀၀ ကျော်ကတော့ လယ်ယာမြေအမှုတွေနဲ့ အခြားကိစ္စတွေဖြစ်တယ်လို့လည်း ဆိုပါတယ်။

ကျန်တဲ့ တိုင်ကြားစာ ၂၀၀ ကျော်ကို စစ်ဆေးတဲ့အခါ တွေ့ရှိချက်တွေအရ တိုင်ကြားချက်အတိုင်း လွှတ်တော်ကိုယ်စားလှယ် ၂၀ ခန့်မှာ အပြစ်ရှိတယ်လို့ တွေ့ရှိ ထားတဲ့အကြောင်းလည်း ဒေါက်တာမျိုးညွန့် ပြောပါတယ်။

အစည်းအဝေးကို တက်ရောက်လာတဲ့ အင်န်အယ်လ်ဒီပါတီ ဗဟိုအတွင်းရေးမှူး ဦးဝင်းထိန်က ပါတီက သူ့ကို အရေးယူမှု တစုံတရာမရှိတဲ့အကြောင်း၊ ကျန်းမာရေးအတွက် ဆေးရုံမှာ အနားယူတာသာ ဖြစ်တယ်လို့ ပြောပါတယ်။ ဒီနေ့ အစည်းအဝေးမှာ လူငယ်အဖွဲ့တွေ ပြန်လည်ဖဲ့ွစည်းရေး ကို ဆွေးနွေးခဲ့တယ်လို့လည်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။