ရှမ်းပြည်နယ် အန်အယ်လ်ဒီ ပါတီခေါင်းဆောင်တွေကို ရာထူးက ဖယ်ရှားခံရတဲ့ကိစ္စ စစ်ဆေး
2016.10.19

ရှမ်းပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်ခင်မိုးမိုးနဲ့ တောင်ကြီးခရိုင်ပါတီ ဥက္ကဌ ဦးတင်မောင်တိုး အပါအဝင် ၄ ဦးကို ပါတီကနေဖယ်ရှားလိုက်တာနဲ့ ပတ်သက်ပြီး ပါတီဗဟိုက ဖွဲ့စည်းထားတဲ့ စုံစမ်း စစ်ဆေးရေးကော်မရှင်က ဒီကနေ့ နေပြည်တော်မှာ စတင် စစ်ဆေးခဲ့ပါတယ်။
ဦးဝင်းထိန် အပါအဝင် နှစ်ဖက်စလုံးကို နောက်တစ်ပတ်မှာ စတင်ကြားနာမှာဖြစ်ကြောင်း ကော်မရှင် အဖွဲ့ဝင် တရားလွှတ်တော်ရှေ့နေ ဦးကျော်ဟိုး က ပြောပါတယ်။
ကော်မရှင်ခေါင်းဆောင် ဦးတင်ထွဋ်ဦး၊ တရားလွှတ်တော်ရှေ့နေ ဦးကျော်ဟိုးနဲ့ ဗဟိုအလုပ် အမှုဆောင်ကော်မတီ ဝင် ဒေါ်လဲ့လဲ့တို့က ရှမ်းပြည်နယ်က ဒေါ်ခင်မိုးမိုး၊ ဦးတင်မောင်တိုး၊ ဒေါ်မီးမီးနဲ့ ဒေါ်ယူမီဇော်တို့လေးဦးကို ဒီနေ့ စတင်စစ်ဆေးခဲ့တာဖြစ်ပါတယ်။
ရှမ်းပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်ခင်မိုးမိုးနဲ့ တောင်ကြီးခရိုင်ပါတီ ဥက္ကဌ ဦးတင်မောင်တိုး အပါအဝင် ၆ ဦးကို ပါတီရဲ့ဗဟိုအလုပ်အမှုဆောင် အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်က ပြီးခဲ့တဲ့ စက်တင်ဘာလ က ပါတီကနေ ထုတ်ပယ်လိုက်တာဖြစ်ပါတယ်။
အဲဒီလိုထုတ်ပယ်တာကို မကျေနပ်တဲ့အတွက် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ထံ အယူခံဝင်သူတွေရှိတာကြောင့် ပါတီက စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့ပြီး စစ်ဆေးတာဖြစ်ပါတယ်။
ရှမ်းပြည်နယ်ပါတီဥက္ကဌ ဒေါ်ခင်မိုးမိုးဟာ ပြီးခဲ့တဲ့အထွေထွေရွေးကောက်ပွဲမှာ ပြည်နယ်အောင်နိုင်ရေးအဖွဲ့နဲ့ ပူးပေါင်းမလုပ်ဆောင်ကြောင်းတဲ့အတွက် ပါတီကနေ ထုတ်ပယ်လိုက်တာဖြစ်သလို၊ တောင်ကြီးခရိုင် ပါတီဥက္ကဌ ဦးတင်မောင်တိုးဟာ ပြည်နယ်အစိုးရအဖွဲ့ကို ဝင်ပြီး စွက်ဖက်နေသလို ဖေ့စ်ဘွတ်မှာ ဦးဝင်းထိန်နဲ့ CEC အဖွဲ့ဝင်တွေ ကို ပုတ်ခတ်စော်ကားတဲ့ စာသားတွေတင်ခဲ့တဲ့အတွက် ဦးဝင်းထိန်က ထုတ်ပယ်လိုက်တာဖြစ်ပါတယ်။