မဲဆွယ်ပွဲမှာ အစိုးရပိုင်ကား အသုံးပြုမှု ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကို အန်အယ်လ်ဒီ တိုင်ကြား
2015.10.29

ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ်မှာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၀ ရက်နေ့က ကျင်းပခဲ့တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီရဲ့ လှည့်လည်မဲဆွယ်ပွဲမှာ အစိုးရဌာနဆိုင်ရာကားတွေကို အသုံးပြုခဲ့တာကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မအူပင်ခရိုင် ရွေးကောက်ပွဲကော်မရှင်ထံ တိုင်ကြားထားတယ်လို့ သိရပါတယ်။
ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီ ကိုယ်စားလှယ်လောင်းတွေရဲ့ မဲဆွယ်ပွဲမှာ စည်ပင်ဌာနက ကားတွေနဲ့ ဆောက်လုပ်ရေး ဝန်ကြီးဌာန တံဆိပ်ပါကားတွေ အသုံးပြုထားပြီး အစိုးရဝန်ထမ်းတွေလည်း လိုက်ပါလာတာကြောင့် ဓါတ်ပုံ အထောက်အထားတွေနဲ့ တိုင်ကြားထားတာဖြစ်တယ်လို့ မအူပင်မြို့နယ် အန်အယ်လ်ဒီပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးစိန်ဝင်းက ပြောပါတယ်။
"၂ဝ.၁ဝ.၂ဝ၁၅ ရက်နေ့က ပြည်ခိုင်ဖြိုးပါတီ မအူပင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့် က ဦးဆောင်ပြီးတော့ ကိုယ်စားလှယ် ၄ဦး ထောက်ခံအားပေးမှုကို မြို့ကိုပတ်ပြီးပြတဲ့အခါမှာ ကားအစီး ၅ဝ လောက် က တချို့ကားတွေကဌာနအပိုင် ကားတံဆိပ်တွေ ကပ်ထားတာတွေ့ရတယ်၊ ပြီးတော့ စတစ်ကာနဲ့ ပိတ်ထား တာပေါ့၊ တံဆိပ်ကတော့ နယ်စပ်စည်ပင်တံဆိပ်ကပ်ထားတဲ့ ကားတွေ့ရတယ်၊ ဆောက်လုပ်ရေးကားတွေတွေ့ ရတယ်၊ နောက်ဝန်ထမ်းတွေတွေ့ရတယ်၊ ဝန်ထမ်းတွေကတော့ မြို့နယ်အုပ်ချုပ်ရေးမှူးတောင်ပါတယ်၊ အန်ကယ် တို့က ဓါတ်ပုံတွေရိုက်ပြီး တင်ပြတိုင်ကြားထားပြီးပြီ"
အဲဒီမဲဆွယ်ပွဲမှာ ပါတီနိုင်ငံရေး ကင်းရှင်းရမယ်လို့ တားမြစ်ခံထားရတဲ့ အစိုးရဝန်ထမ်းတွေကလည်း ဌာနဆိုင်ရာ ဝတ်စုံတွေ ဝတ်ဆင်ပြီး ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီ အလံတွေ၊ ဦးထုပ်တွေနဲ့ ပါဝင်ခဲ့တာကြောင့် ရွေးကောက်ပွဲဥပဒေတွေနဲ့ ဆန့်ကျင်နေတယ်လို့ ဦးစိန်ဝင်းက ပြောပါတယ်။
မအူပင်မြို့နယ်မှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးသိန်းညွှန့်၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးရန်ဝင်းနဲ့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်းတွေဖြစ်တဲ့ ဦးစောသောင်းဒန်နဲ့ ဦးသန်းထွန်းတို့ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး အောက်တိုဘာလ ၂၀ရက်နေ့က လှည့်လည်မဲဆွယ်ပွဲမှာ ကိုယ်စားလှယ်လောင်း ၄ ဦးလုံး ပါဝင်ခဲ့ပါတယ်။