NLD ပါတီ ညီလာခံကနေ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ ရွေးချယ်ဖွဲ့စည်း


2013.03.10
dassk-nld-congress-305 ပထမဆုံးအကြိမ်ကျင်းပတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ နိုင်ငံလုံးဆိုင်ရာ ညီလာခံမှာ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားစဉ်
Photo : NLD

NLD ပါတီ သက်တမ်း (၂၅) နှစ်တာအတွင်း ပထမဦးဆုံးအကြိမ်ကျင်းပတဲ့ နိုင်ငံလုံးဆိုင်ရာ ညီလာခံကနေ မျိုးဆက်သစ် လူငယ်တွေ၊ တိုင်းရင်းသား လူမျိုးစုတွေနဲ့ အမျိုးသမီးတွေပါဝင်တဲ့ ဗဟိုအလုပ် အမှုဆောင်အဖွဲ့ကို ရွေးချယ်ဖွဲ့စည်းလိုက်ကြောင်း NLD ပါတီ ဥက္ကဌ အဖြစ် ပြန်လည်ရွေးကောက် တင်မြှောက်ခံ ရတဲ့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ တော်ဝင်နှင်းဆီခန်းမမှာ ကျင်းပခဲ့တဲ့ NLD ပါတီ နိုင်ငံလုံးဆိုင်ရာ ညီလာခံ နောက်ဆုံးနေ့ အခမ်းအနား မှာ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့တာပါ။

"ဗဟိုကော်မရှင်ကနေပြီး ကျမကို ဥက္ကဌ အဖြစ် ရွေးချယ်ပေးတဲ့အခါကျတော့၊ ကျမအနေနဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တွေကို ဘယ်လိုနည်းနဲ့ ရွေးချယ်ခဲ့တယ်ဆိုတာ ကျွန်မမူလေးတွေကို ရှင်းပြဖို့လိုမယ်လို့ ထင်ပါတယ်၊ အဓိကအားဖြင့် ကျွန်မအချက် သုံးချက်ပေါ်မှာ အခြေခံပါတယ်၊ တစ်ချက်ကဘာလဲဆိုတော့ ကျမတို့ဟာ အတိတ်နဲ့ ပစ္စုပ္ပန်နဲ့ အနာဂတ်ကို ဆက်နွယ်မှုရှိရမယ်၊ ကျွန်မတို့ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ တစ်စိုက်မတ်မတ်လုပ်လာတဲ့ ပုဂ္ဂိုလ်ကြီးများဟာ ဆက်ပြီးတော့ အချိန်ကာလတစ်ခုအထိ တာဝန်တွေ ထမ်းဆောင်သွားဖို့လိုတယ်ဆိုပြီးတော့ ကျွန်မယုံကြည်ပါတယ်၊ တိုင်းပြည်အတွက် အလုပ်တွေကို ပီပီပြင်ပြင်လုပ်နိုင်ဖို့အတွက် အရည်အချင်းနဲ့ ပြည့်စုံတဲ့ အဖွဲ့ဝင်တွေ လိုအပ်မယ်လို့ ကျွန်မတို့ သတ်မှတ်ပါတယ်၊ ဒီအထဲမှာဆိုလို့ ရှိရင် ကျွန်မတို့ဟာ တိုင်းရင်းသားလူမျိုးစုများပါဝင်ရေး အမျိုးသမီးများပါဝင်ရေးကိုလည်း စဉ်စားပါတယ်၊ မျိုးဆက်သစ်လူငယ်တွေ ပါဝင်ရေးကိုလည်း စဉ်းစားပါတယ်"

တစ်ဆက်တည်းမှာပဲ အသစ်ပြန်လည်ရွေးချယ်ထားတဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တွေအနေနဲ့လည်း၊ ရရှိနေတဲ့ အခွင့်အရေးတွေကို မလွတ်တမ်းဆုပ်ကိုင်ပြီး တိုင်းပြည်ပြုပြင်ပြောင်းလဲရေးအတွက် ဆောင်ရွက်သွားဖို့လိုကြောင်း၊ ဒီအခွင့်အရေးတွေ လက်လွတ်ဆုံးရှုံးသွားတာနဲ့ သမိုင်းတရားခံတွေ ဖြစ်သွားမယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က သတိပေးခဲ့ပါတယ်။

NLD ပါတီဝင်တွေထဲကနေ အသစ်ပြန်လည်ရွေးကောက် တင်မြှောက်ခံရသူတွေကတော့ ဥက္ကဌ အဖြစ် ဒေါ်အောင်ဆန်းစုကြည်၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တွေ အဖြစ် ဦးဉာဏ်ဝင်း၊ ဦးဟံသာမြင့်၊ ဦးအုန်းကြိုင်၊ ဦးဝင်းမြင့်၊ ဦးထွန်းထွန်းဟိန်၊ ဒေါက်တာဒေါ်မေဝင်းမြင့်၊ ဦးဝင်းထိန်၊ ဒေါက်တာ ဇော်မြင့်မောင်၊ ဒေါက်တာ အောင်မိုးညို၊ ဒေါ်ခင်ဌေးကြွယ်၊ ဒေါ်နန်းခင်ထွေးမြင့်၊ ဦးကျော်ခင်၊ ဦးညီပု၊ ဒေါက်တာဦးမျိုးအောင်တို့ဖြစ်ပြီး အရန် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တွေအဖြစ် ဦးမန်းဂျော်နီ၊ ဒေါက်တာသိန်းလွင်၊ ဦးအောင်စိုး၊ ဦးဇိုဘွဲနဲ့ ဒေါ်ဖြူဖြူသင်းတို့ကို ရွေးချယ်အတည်ပြုခဲ့ပါတယ်။

NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌအဖြစ် ပြန်လည်တင်မြှောက်ခံရတဲ့ ဒေါ်အောင်ဆန်းစုကြည်က NLD နိုင်ငံလုံးဆိုင်ရာ ဗဟိုညီလာခံနောက်ဆုံးနေ့မှာ မိန့်ခွန်းပြောကြားခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့မိန့်ခွန်းပါ အကြောင်းအရာတွေကို RFA သတင်းထောက် မဇင်မာဝင်းက စုစည်းတင်ပြမှာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။