ကြားဖြတ်ရွေးကောက်ပွဲ မဲဆန္ဒနယ် ၂ နေရာမှာ အနိုင်ရဖို့ ခက်ခဲနိုင်တယ်လို့ ဝန်ကြီးချုပ်ပြော


2018.10.20
dr-zawmyintmaung-622.jpg မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် ကို တွေ့ရစဉ်
Photo: Kyaw Zaw Win/ RFA

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ အနေနဲ့ လာမယ့် နိုဝင်ဘာလ ကြားဖြတ်ရွေးကောက်ပွဲမှာ မဲဆန္ဒနယ် ၂ နေရာမှာ အနိုင်ရရှိဖို့ ခက်ခဲတယ်လို့ မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် က ပြောလိုက်ပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲအတွက် စစ်တမ်းကောက်ယူမှုတွေ ပြုလုပ်ထားတဲ့ အချက်တွေအပေါ်မူတည်ပြီး ပြောနိုင်တာဖြစ်ပေမယ့် နိုင်ငံတော် အတိုင်ပင်ခံကတော့ ဝင်ရောက်ယှဉ်ပြိုင်တဲ့ နေရာအားလုံးမှာ အနိုင်ရဖို့ ဆန္ဒရှိတယ်လို့ မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်က ဒေသခံတွေနဲ့ NLD ပါတီဝင်တွေ ဒီနေ့ တွေ့ဆုံပွဲမှာ ဝန်ကြီးချုပ်က ပြောခဲ့ပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲအတွက် ဘယ်နေရာတွေက ခက်ခဲတယ်ဆိုတာကိုတော့ ဝန်ကြီးချုပ်က ထုတ်ဖော် ပြောကြားခဲ့ခြင်း မရှိပါဘူး။

၂၀၂၀ အထွေထွေ ရွေးကောက်ပွဲဟာ လွယ်ကူမှာမဟုတ်ဘဲ ၂၀၁၅ ရွေးကောက်ပွဲထက် အများကြီး ခက်ခဲမှာ ဖြစ်ကြောင်း၊ ကြားဖြတ်ရွေးကောက်ပွဲမှာ ၁၃ နေရာလုံး အနိုင်ရဖို့ ကြိုးစားနေကြောင်း၊ ၂၀၂၀ ရွေးကောက်ပွဲအတွက် ပြည်သူတွေယုံကြည်နေသေးသလား ဆိုတာကို ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲမှာ သုံးသပ်လို့ရမှာဖြစ်ကြောင်း နဲ့ ၂၀၂၀ မှာလည်း NLD ပါတီ အနိုင်ရရှိခဲ့မယ်ဆိုရင် ဒီမိုကရေစီပန်းတိုင်ကို သွားနိုင်ပြီဖြစ်ကြောင်း ဒေါက်တာ ဇော်မြင့်မောင်က ပြောခဲ့ပါတယ်။

ဒါ့အပြင် NLD ပါတီက စီးပွားရေးလုပ်နေတာမရှိဘဲ ပါတီက ကိုယ်စားလှယ်တွေ၊ ဝန်ကြီးတွေရဲ့ လစာထဲက ၂၅ ရာခိုင်နှုန်းနဲ့ ပါတီ လိုအပ်ချက်တွေ ထောက်ပံ့လုပ်ဆောင်နေပြီး နေပြည်တော်မှာ ပါတီရုံးဆောက်ဖို့ ကြိုးစားနေတယ် လို့ သိရပါတယ်။

၂၀၂၀ ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံအတွက် အရေးအကြီးဆုံးပွဲဖြစ်လို့ သုတေသနစစ်တမ်းတွေက အခြေခံပြီး ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ဒေါက်တာ ဇော်မြင့်မောင်က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။