ဒလမြို့နယ်က ကျောင်းကို NLD ပါတီ စာအုပ်များလှူဒါန်း
2011.08.06

ဒလမြို့နယ်မှာ ပညာ လူငယ်ကွန်ရက်က ဖွင့်လှစ်ထားတဲ့ ကျောင်းကို သွားရောက်လှူဒါန်းတာ ဖြစ်တယ်လို့ NLD ပါတီ ပြန်ကြားရေးတာဝန်ခံ ဦးအုန်းကြိုင်က ပြောပါတယ်။
“ပြည်ပ စေတနာရှင်များ ပေးပို့လှူဒါန်းထားတဲ့ ဗလာစာအုပ် ဒါဇင် ၄ ထောင်ကျော်၊ ကွန်ပါဘူးကလည်း ၄ ထောင်လောက်၊ နောက်ဘောပင် ပေါ့။ အဲဒါတွေကို ထောက်ပံ့ဖို့ ကျနော်တို့ကို ချိတ်ဆက်ပြီး မေတ္တာရပ်ခံထားတဲ့ ဧရာဝတီတိုင်းနဲ့ ရန်ကုန်တိုင်းထဲက ဆင်းရဲချို့တဲ့တဲ့ ‘ဘက’ မူလတန်းကျောင်း၊ အလယ်တန်းကျောင်း၊ မူလတန်းလွန် အလယ်တန်းလွန် ကျောင်းတွေကို ထောက်ပံ့နေပါတယ်”
လှူဒါန်းပွဲ အခမ်းအနားကို NLD ဗဟိုကော်မတီဝင်များ ဖြစ်ကြတဲ့ ဦးနိုင်းနိုင်း၊ ဦးဟံသာမြင့် ဒေါက်တာမေဝင်းမြင့်တို့ အပါအဝင် ဒလမြို့နယ် NLD တာဝန်ရှိသူတွေနဲ့ ကျောင်းဖြစ်မြောက်ရေး တာဝန်ခံတွေဖြစ်တဲ့ ပညာလူငယ်ကွန်ရက် အဖွဲ့ဝင်တွေ တက်ရောက်ခဲ့ပါတယ်။ ဒီအခမ်းအနားကို အာဏာပိုင်တွေက နှောက်ယှက်ဟန့်တားတာမျိုး မတွေ့ရဘူးလို့ ဦးအုန်းကြိုင်က ပြောပါတယ်။