၉၀ ပြည့် ရွေးကောက်ပွဲအောင်ပွဲ တောင်ကိုရီးယားမှာ အခမ်းအနားကျင်းပ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရဲ့ ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲ အောင်ပွဲရ ၂၁ နှစ်မြောက် နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် မြန်မာ့အရေး ဆွေးနွေးပွဲတရပ်ကို တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ မေလ ၂၇ ရက် ဒီကနေ့ ပြုလုပ်ခဲ့ပါတယ်။

2011.05.27
1990_election_vote_305_z.jpg ၁၉၉၀ပြည့်နှစ် မေလ ၂၇ရက်နေ့မှာ ကျင်းပခဲ့သော အထွေထွေ ရွေးကောက်ပွဲတွင် မဲရေတွက်နေသည်ကို ကြည့်ရှုနေသော ပြည်သူများ ဖြစ်ပါသည်။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သည် အပြတ်အသတ် အနိုင်ရရှိခဲ့သော်လည်း ယခုချိန်ထိ အစိုးရ ဖွဲ့စည်းခွင့် မရရှိသေးပေ။ (Photo: AFP)
(Photo: AFP)

ဆိုးလ်မြို့က သမ္မတ ကင်ဒေးဂျုံ အထိမ်းအမှတ် ငြိမ်းချမ်းရေး စာကြည့်တိုက်မှာ ပြုလုပ်ခဲ့တဲ့ ဒီဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး NLD လွတ်မြောက်နယ်မြေ၊ တောင်ကိုရီးယား ဌာနခွဲရဲ့ ဥက္ကဋ္ဌ ကိုနေထွန်းနိုင်က RFA ကို အခုလို ပြောပြပါတယ်။

“အဲဒီ မြန်မာ့အရေး ဆွေးနွေးပွဲမှာ ကျွန်တော်တို့ ဒီ နယ်စပ်အခြေစိုက်ပေါ့နော်၊ မြန်မာ့ ဒီမိုကရေစီ အင်အားစုတွေရဲ့ နိုင်ငံခြားရေးရာ ကော်မတီဝင်များ ဖြစ်ကြတဲ့ ကျွန်တော်တို့ ဒီ NLD (LA) ရဲ့ တွဲဖက် အတွင်းရေးမှူး ကိုမိုးဇော်ဦးရယ်၊ နောက်တခါ ကျွန်တော်တို့ ဒီ Forum for Democracy in Burma က ဒုတိယ နိုင်ငံခြားဆက်ဆံရေး တာဝန်ခံ ကိုသွင်လင်းအောင်တို့က နေပြီးတော့မှ အဓိကပေါ့နော်၊ ကျွန်တော်တို့ ဒီ နိုင်ငံရေး အခြေအနေနဲ့ ကျွန်တော်တို့ ဒီ လက်ရှိ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေပေါ့လေ၊ နောက်တခါ ကိုရီးယား အစိုးရကို ကျွန်တော်တို့ တင်ပြတောင်းဆိုချင်တဲ့ အချက်အလက်တွေကို ဒီမှာ လာပြီးတော့ ဆွေးနွေးကြတာပါ။”

ဒီဆွေးနွေးပွဲကို မြန်မာ့အရေး တစိုက်မတ်မတ် ဆောင်ရွက်နေတဲ့ တောင်ကိုရီးယား တက္ကသိုလ် ပါမောက္ခတွေ၊ ကျောင်းသူ ကျောင်းသားတွေနဲ့ ကိုရီးယား NGO အဖွဲ့အစည်းတွေ အပါအဝင် မြန်မာ့အရေး လှုပ်ရှား ဆောင်ရွက်နေတဲ့ တောင်ကိုရီးယားရောက် မြန်မာနိုင်ငံသားတွေလည်း တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

ဒီဆွေးနွေးပွဲအပြီး နောက်ဆက်တွဲ လုပ်ဆောင်ကြမယ့် အစီအစဉ်တွေကိုလည်း ကိုနေထွန်းနိုင်က အခုလို ပြောပါတယ်။

“ဒီတောင်ကိုရီးယား နိုင်ငံရဲ့ နိုဘယ်လ် ငြိမ်းချမ်းရေး ဆုရှင်လည်း ဖြစ်တယ်၊ နောက်တခါ သမ္မတဟောင်းလည်း ဖြစ်ခဲ့တဲ့ ကင်မ်ဒေးဂျုန် သမ္မတအိမ်တော် စာကြည့်တိုက်မှာ ကျွန်တော်တို့က မြန်မာ့အရေး ဆွေးနွေးပွဲကို ပြုလုပ်ပြီးတဲ့အခါကျတော့မှ မစ္စတာ ကင်မ်ဒေးဂျုန်နဲ့ ဆက်စပ်နေတဲ့ နိုင်ငံရေး အသိုင်းအဝိုင်းတွေ၊ လွှတ်တော်အမတ်တွေ၊ နောက်တခါ တက္ကသိုလ်၊ ကောလိပ်တွေက တတ်သိပညာရှင်တွေ၊ ပါမောက္ခတွေ၊ ကိုရီးယား လူ့အဖွဲ့အစည်း NGO တွေက အားလုံး ပါဝင် တက်ရောက်တဲ့ ဒီနေ့ ဆွေးနွေးပွဲမှာ ထွက်ပေါ်လာတဲ့ အဖြေတွေနဲ့ ဆုံးဖြတ်ချက်တွေပေါ့နော်၊ ကျွန်တော်တို့ ဆွေးနွေး သဘောတူညီချက်တွေဟာ ကျွန်တော်တို့က မြန်မာ့ ဒီမိုကရေစီရေးအတွက် တစုံတခု အကျိုးသက်ရောက်မှု ရှိလိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်တယ်။”

“မကြာမီ ရက်ပိုင်းအတွင်းမှာပဲ ကျွန်တော်တို့တတွေ အားလုံး နိုင်ငံခြားရေးဌာနကို သွားပြီးတော့ အခါကျတော့မှ ကျွန်တော်တို့ ဒီနေ့ ဆွေးနွေးတဲ့ အခြေခံတွေပေါ်မှာ မူတည်ပြီးတော့ နောက်တခါ မြန်မာ့ ဒီမိုကရေစီနဲ့ ပတ်သက်ပြီးတော့မှ ကိုရီးယားအစိုးရကနေပြီးတော့ ဒီထက် ပိုပြီးတော့ ပေါ့နော်၊ အားပေးထောက်ခံတဲ့ အခြေအနေ ဖြစ်လာအောင် ကျွန်တော်တို့ သွားပြီးတော့ တောင်းဆိုဖို့ ရှိပါတယ်။”

NLD လွတ်မြောက်နယ်မြေ၊ တောင်ကိုရီးယား ဌာနခွဲရဲ့ ဥက္ကဋ္ဌ ကိုနေထွန်းနိုင် ပြောပြသွားတာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။