မဲစာရင်းမှားကြောင့် တရားမျှတ တဲ့ရွေးကောက်ပွဲ မဖြစ်နိုင်ဘူးလို့ NLD ပြော


2015.09.21
nld-press-620.jpg ရန်ကုန်မြို့၊ ဗဟန်းမြို့နယ် NLD ပါတီ ရွေးကောက်ပွဲ အောင်နိုင်ရေးရုံးခန်းမှာ စက်တင်ဘာလ ၂၁ ရက်နေ့က သတင်းစာရှင်းလင်းစဉ်
Photo: Myo Zaw Ko/RFA

မဲစာရင်းတွေမှာ သေဆုံးသူတွေ ပါနေတယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံ တင်ပြခဲ့ပေမယ့် အမှားတွေကို ပြင်ပေးတာမရှိဘဲ အခုထုတ်ပြန်ထားတဲ့ စာရင်းမှာလည်း သေဆုံးသူတွေပါနေတာကြောင့် လာမယ့် ရွေးကောက်ပွဲဟာ တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ မျှော်လင့်နိုင်တဲ့ အခြေအနေမရှိဘူးလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဒီကနေ့ ပြောလိုက်ပါတယ်။

ရန်ကုန်မြို့၊ ဗဟန်းမြို့နယ် NLD ပါတီ ရွေးကောက်ပွဲ အောင်နိုင်ရေးရုံးခန်းမှာ မဲစာရင်းမှားယွင်းနေတာတွေနဲ့ ပတ်သက်ပြီး ကျင်းပတဲ့သတင်းစာရှင်းလင်းပွဲမှာ NLDပါတီ ဗဟိုကော်မတီဝင် ဦးဉာဏ်ဝင်း က အခုလိုပြောလိုက် တာပါ။

"ကျနော်တို့ဆီက သုတေသနဌာနက ရန်ကုန်တိုင်းမဲစာရင်းကိုစစ်တယ်၊ ဘာသွားတွေ့လဲဆိုတော့ ဒဂုံမြို့နယ် မှာ ကွယ်လွန်သွားပြီဖြစ်တဲ့ လူတွေရဲ့မဲစာရင်းဟာ ၅ဝ ကျော် ဒါအခုမှပါတာမဟုတ်ဘူး အခြေခံစာရင်းထဲမှာ ပါတယ်၊ အဲ့ဒီလိုပါနေလို့ လိုအပ်တဲ့ပုံစံတွေနဲ့ ဒါတွေကိုကန့်ကွက်တယ်၊ အခုနောက်ဆုံးထွက်လာတယ် အဲ့ဒီလူတွေဟာ အခုထိမသေသေးဘူး၊ ကျနော်တို့ မကျေနပ်တာက အမှားကိုကျနော်တို့တွေ့တော့ ဝိုင်းကူတဲ့ အနေနဲ့တင်ပြတာ၊ ဒါကိုမပြင်ဘဲနဲ့ ပြန်ထုတ်တယ်၊ ကျနော်တို့ဘက်ကတော့ လိုအပ်တာတင်ပြမယ် တင်ပြလို့ မရရင်လည်း ကျနော်တို့အားလုံးဟာ မဲရုံတွေမှာကိုယ်စားလှယ်တွေရှိမယ်၊ ကိုယ်စားလှယ်တွေလက်ထဲကို ဒီအမှားအယွင်းစာရင်းအပ်ထားရမယ်၊ မဲလာထည့်တဲ့အချိန်မှာ ထပ်ပြီးကန့်ကွက်မှာပါ၊ ကျနော်တို့ လာမယ့်ရွေးကောက်ပွဲအတွက် တရားမျှတမှုဆိုတာ အတော်မျှော်လင့်ဖို့ အခြေအနေသိပ်မရှိဘူး"

လတ်တလောဖြစ်ပေါ်နေတဲ့ မဲစာရင်းမှားယွင်းတာတွေဟာ NLD ပါတီရဲ့ ရွေးကောက်ပွဲ အနိုင်ရဖို့အတွက်လည်း ထိခိုက်စေတယ်လို့ NLD ပါတီ က ပြောပါတယ်။

ဒါ့အပြင် အခုမဲဆွယ်စည်းရုံးရေးကာလမှာ အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့ကြီး (မဘသ) က ဒေါ်အောင်ဆန်းစုကြည် အပါအဝင် NLD ပါတီကို တိုက်ခိုက်ရေးသားထားတဲ့ စာရွက်တွေဖြန့်ဝေနေ တယ်လို့လည်း ပြောပါတယ်။

NLD ပါတီဟာ တိုင်းဒေသကြီးတွေနဲ့ မွန်၊ ကရင်၊ ချင်းပြည်နယ်တွေမှာ အနိုင်ရဖို့ အလားအလာကောင်းနေပြီး ကချင်၊ ရှမ်းနဲ့ ရခိုင်ပြည်နယ်တွေမှာ အနိုင်ရဖို့ ခက်ခက်ခဲခဲ ယှဉ်ပြိုင်ရဖွယ်ရှိနေတယ်လို့ သူတို့သုတေသန စာရင်းအရသိရတယ်လို့လည်း ပြောပါတယ်။

လက်ရှိအချိန်မှာ ရန်ကုန်တိုင်းဒေသကြီး ကိုကိုးကျွန်းမြို့နယ်မှာ မဲဆွယ်စည်းရုံးရေးလုပ်ဖို့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေတယ်လို့ ဆိုပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဟာ လာမယ့်ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်း ၁၁၃ဝ ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

NLD ပါတီရဲ့ သတင်းစာရှင်းလင်းပွဲအကြောင်း RFA သတင်းထောက် ကိုမျိုးဇော်ကို တင်ပြထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။