အစိုးရဖွဲ့နိုင်တဲ့ မဲရလဒ် NLD ရရှိ
2015.11.14

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဒီနေ့ညနေ ၄နာရီအထိ မဲစာရင်းရလဒ် ထုတ်ပြန်ကြေညာချက်တွေအရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော် ၂ ရပ်ပေါင်း ၃၈၇ ဦး အနိုင်ရတဲ့အတွက် အစိုးရဖွဲ့နိုင်ပြီဖြစ်ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြည်သူ့လွှတ်တော် ၃၂၃ ဦးရှိရာမှာ ၂၅၃ ဦးအနိုင်ရပြီး၊ အမျိုးသားလွှတ်တော် ၁၆၈ ဦးရှိရာမှာ ၁၃၄ ဦး အနိုင်ရနေတာဖြစ်ပါတယ်။
တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ စုစုပေါင်း ၆၃၀ ဦးရှိရာမှာ ၄၆၉ ဦးနဲ့ အနိုင်ရရှိနေပါတယ်။ ဒါ့အပြင် တိုင်းရင်း သားရေးရာဝန်ကြီးနေရာအတွက် ၂၉ ဦးရှိရာမှာ ၁၅ ဦး အနိုင်ရထားပြီဖြစ်ပါတယ်။
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ပြည်သူ့လွှတ်တော်အတွက် ၂၉ ဦး၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်အတွက် ၇၁ ဦးနဲ့ အမျိုးသားလွှတ်တော်နေရာအတွက် ၁၂ ဦး အနိုင်ရနေပါတယ်။
မဲစာရင်းရလဒ်တွေကို မနက်ဖြန် နောက်ဆုံးထုတ်ပြန်ကြေညာမှာဖြစ်ပြီး မဲဆန္ဒနယ်တချို့ ကျန်ခဲ့မယ်ဆိုရင် အစိုးရပိုင်သတင်းစာတွေမှာ ဆက်လက်ထုတ်ပြန်ပေးမယ်လို့ သိရပါတယ်။
လက်ရှိ ကြေညာပြီးတဲ့စာရင်းအရ ပြည်သူ့လွှတ်တော် ၈ နေရာ၊ အမျိုးသားလွှတ်တော် ၅ နေရာ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော် ၁၈ နေရာနဲ့ တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ် ၇ နေရာအတွက် ထုတ်ပြန်ကြေညာဖို့ ကျန်ရှိနေပါသေးတယ်။
ထုတ်ပြန်ဖို့ ကျန်ရှိနေတဲ့ဒေသတွေကတော့ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းဒေသကြီးက မဲဆန္ဒနယ်တွေ ဖြစ်ပါတယ်။
နိုဝင်္ဘာ ၈ ရက် ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLDက တိုင်းရင်းသားဒေသတွေမှာပါ အနိုင်ရခဲ့တဲ့အတွက် အစိုးရသစ်လက်ထက်ကျင်းပမယ့် လွှတ်တော်အစည်းအဝေးတွေမှာ တိုင်းရင်းသားပါတီတွေရဲ့ အခန်းကဏ္ဍ လျော့နည်းသွားမှာကို စိုးရိမ်ပူပန်မှုတွေ ရှိနေပါတယ်။
RFA အဖွဲ့သူ ဒေါ်ခင်ခင်အိ တင်ပြထားတာ နားဆင်နိုင်ပါတယ်။
၁၃ ကြိမ်မြောက် ပထမအကြိမ် လွှတ်တော်အစည်းဝေးကို လာမယ့် နိုဝင်ဘာလ (၁၆) ရက် တနင်္လာနေ့မှာ ပြန်လည် ကျင်းပတော့မှာဖြစ်ပါတယ်။ ဒီလွှတ်တော်အစည်းဝေးဟာ ပထမအကြိမ်လွှတ်တော်သက်တမ်းအတွက် နောက်ဆုံး အစည်းဝေးလည်းဖြစ်ပြီး ဆောင်ရွက်ဆဲဥပဒေတွေကို ပြီးပြတ်အောင် ဆွေးနွေးအတည်ပြုကြရမှာလည်း ဖြစ်ပါတယ်။
ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီ အဖွဲ့ဝင် ဦးဘရှိန်ကို မသင်းသီရိ ဆက်သွယ်မေးမြန်းထားပါတယ်။