ပြည်ထောင်စုအစိုးရဦးဆောင်မှုအောက်မှာ တပ်မတော် ရှိ၊ မရှိ မေးခွန်းမပါခြင်း လွှတ်တော်ဥက္ကဋ္ဌ ဆုံးဖြတ်တာဖြစ်


2019.05.10
pyithu-hluttaw-622.jpg ပြည်သူ့လွှတ်တော် အစည်းအဝေး ကျင်းပနေစဉ်
.

ပြည်ထောင်စုအစိုးရ ဦးဆောင်မှုအောက်မှာ တပ်မတော် ရှိ၊ မရှိ မေးခွန်း ဒီနေ့ ကျင်းပမယ့် ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ပါမလာတာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌရဲ့ ဆုံးဖြတ်ချက်ဖြစ်ကြောင်း ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန် က ပြောလိုက်ပါတယ်။

ဒီကနေ့အတွက် ပြည်သူ့လွှတ်တော် အစည်းအဝေး အစီအစဉ် လျာထားချက် မနေ့ညက ထွက်လာချိန်မှာ ကြယ်ပွင့်ပြမေးခွန်းတွေထဲက ဒုတိယမေးခွန်းအဖြစ် NLD ပါတီ မယ်စဲမဲဆန္ဒနယ်က ကိုယ်စားလှယ် ဦးသန်းလင်းလင်းရဲ့ မေးခွန်းပါဝင်ပါတယ်။

ကိုယ်စားလှယ် ဦးသန်းလင်းလင်းက တပ်မတော်ဟာ ပြည်ထောင်စုအစိုးရရဲ့ ဦးဆောင်မှုအောက်မှာ ရှိ မရှိ၊ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအကြား ပဋိပက္ခများ ဖြစ်ပွားခဲ့ခြင်း ရှိ၊ မရှိ မေးမြန်းထားတာဖြစ်ပါတယ်။

ဒါပေမဲ့ ဒီနေ့ အစည်းအဝေးမှာ ဒီမေးခွန်း မပါဝင်ခဲ့တဲ့အတွက် မေးခွန်းတင်ထားတဲ့ ကိုယ်စားလှယ် ဦးသန်းလင်းလင်း ကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းပေမယ့် ဖုန်းပိတ်ထားတာကြောင့် မေးလို့မရခဲ့ပါဘူး။

ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်ကတော့ လွှတ်တော်အစည်းအဝေးမှာ မေးခွင့်ရခြင်း မရခြင်းဟာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ဆုံးဖြတ်တာဖြစ်တယ်လို့ ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး NLD ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ မျိုးညွန့်ကို RFA က ဆက်သွယ်ရာမှာ လွှတ်တော်ပိုင်းဆိုင်ရာ ဆောင်ရွက်ချက်တွေကို အသေးစိတ်မသိကြောင်း၊ ဒါပေမဲ့
အမျိုးသားရင်ကြားစေ့ရေးကို ထိခိုက်စေတဲ့ကိစ္စမျိုးတွေဆိုရင် ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ရကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ ပြဌာန်းထားပြီးကိစ္စတွေဆိုရင် သီးသန့်မေးခွန်းတွေ မေးစရာမလိုဘူးလို့ သူ့အနေနဲ့ ယူဆကြောင်း ပြောပါတယ်။

မနေ့ညက ထွက်လာတဲ့ အစည်းအဝေးအစီအစဉ်လျာထားချက်မှာ ပါခဲ့ပေမယ့် ဒီနေ့ အစည်းအဝေးမှာ ဒီမေးခွန်း ပါမလာတဲ့အပေါ် ဘာကြောင့်လဲဆိုတာ မသိရဘူးလို့ တခြားလွှတ်တော် ကိုယ်စားလှယ်တွေကလည်း ပြောကြပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုဝင်းကိုကိုလတ်နဲ့ ကိုထက်အာကာတို့ ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။