PR စနစ်အကြောင်း လူထုဟောပြောပွဲ NLD ကျင်းပ
2014.08.16

NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရန်ကုန်အရှေ့ပိုင်း ခရိုင်မှာရှိတဲ့ ဗိုလ်တထောင်၊ ပုဇွန်တောင်နဲ့ မင်္ဂလာတောင်ညွှန့် သုံးမြို့နယ်က ပူးပေါင်းပြီး "PR ခေါ် အချိုးကျ ကိုယ်စားပြုစနစ်အကြောင်း သိကောင်းစရာ" ဟောပြောပွဲတစ်ခုကို ရန်ကုန်မြို့ ဗိုလ်တထောင်ဘုရားလမ်းမှာရှိတဲ့ ရာမာခရစ်သျှနား ခန်းမမှာ ဒီကနေ့ ကျင်းပခဲ့ပါတယ်။
ဟောပြောပွဲမှာ PR စနစ်ဟာ မြန်မာနိုင်ငံနဲ့ ကိုက်ညီမှုရှိ၊ မရှိကို ပြည်သူတွေက ရွေးချယ်သင့်ကြောင်း တရား လွှတ်တော်ရှေ့နေ ဦးကိုနီက ဟောပြောခဲ့ပါတယ်။
"ပီအာစနစ်ဟာ မကောင်းတာ မဟုတ်ပါဘူး၊ ပီအာစနစ်ဟာ ရွေးကောက်ပွဲနဲ့ဆိုင်တဲ့စနစ်တွေ အများကြီးထဲက စနစ်တစ်ခု၊ ကိုယ့်တိုင်းပြည်နဲ့ ကိုက်မယ့်ပုံစံနဲ့ ကိုယ်ရွေးကောက်တင်မြောက်နေကြ တာပါပဲ၊ စဉ်းစားရမှာက ကိုယ့်တိုင်းပြည်နဲ့ ဘယ်ရွေးကောက်ပွဲစနစ်က သင့်မြတ်သလဲဆိုတဲ့ ဒီအခြေခံနဲ့ပဲ စဉ်းစားရမှာ၊ အဲဒီတော့ ကျနော်တို့နိုင်ငံအတွက် ဒီကနေ့ကျင့်သုံးနေတဲ့ FPTP စနစ်၊ အခုလတ်တလောက PR စနစ်၊ ဘယ်စနစ်သုံးရင် သင့်မလဲဆိုတာကို ပြည်သူလူထုက ဆုံးဖြတ်ရမှာပါ၊ အဲဒီတော့ ပြည်သူလူထုအနေနဲ့ ဒီစနစ် ၂ ခုအကြောင်း အတော်အတန်တော့ သိဖို့လိုပါတယ်"
တရားလွှတ်တော်ရှေ့နေ ဦးကိုနီက PR စနစ်ရဲ့ အခြေခံသဘောနဲ့ ဥပဒေဆိုင်ရာသဘောတွေကို ဟောပြောခဲ့ပြီး စာရေးဆရာ ထင်လင်းဦးက PR စနစ်ရဲ့ ကောင်းကျိုးဆိုးကျိုးတွေကို ဟောပြောခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ PR ခေါ် အချိုးကျကိုယ်စားပြုစနစ်ကို တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တွေကို ရွေးချယ်တဲ့ အခါမှာကျင့်သုံးဖို့ အမျိုးသားလွှတ်တော်က အတည်ပြုခဲ့ပြီး ပြည်သူ့လွှတ်တော်မှာတော့ PR စနစ်ကို ကျင့်သုံးဖို့ မဟုတ်ဘဲ မြန်မာနိုင်ငံနဲ့ သင့်တော်မယ့် ရွေးကောက်ပွဲစနစ်ကို ဖော်ဆောင်ဖို့အတွက် လေ့လာသုံးသပ်ရေးကော်မရှင် ကို ဖွဲ့စည်းဖို့ အတည်ပြုခဲ့ပါတယ်။
ဒီနေ့ ဟောပြောပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦး၊ ဗဟိုကော်မတီဝင် ဦးဉာဏ်ဝင်းတို့ တက်ရောက်ခဲ့ပြီး ပရိသတ် ၃၀၀နီးပါး တက်ရောက်ခဲ့ကြပါတယ်။
ဒီဟောပြောပွဲအကြောင်း RFA သတင်းထောက် ကိုနေမျိုးထွန်းတင်ပြထားတာ နားဆင်နိုင်ပါတယ်။