NLD အစိုးရလက်ထက် ကချင်ပြည်နယ် ဝန်ကြီးနှစ်ဦး လွတ်ရက်စေ့လို့ ပြန်လွတ်
2024.04.01

စစ်ကောင်စီက ဖမ်းဆီးထောင်ချထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရရဲ့ ကချင်ပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဦးနော်လီနဲ့ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်နဲ့ စက်မှုလက်မှုဝန်ကြီး ဦးဝင်းညွန့်တို့ လွတ်ရက်စေ့လို့ ဧပြီ ၁ ရက်နေ့မှာ ပြန်လည်လွတ်မြောက်လာပါတယ်။
မြစ်ကြီးနားအကျဉ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာတာလို့ NLD ပါတီဝင် မြစ်ကြီးနားဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"ဧပြီ ၁ ရက်နေ့ မနက်ပိုင်းမှာ မြစ်ကြီးနားအကျဉ်းထောင်ကနေ လျှော့ရက်နဲ့ လွတ်ရက်စေ့ပြီး လွတ်လာတာပါ။ လောလောဆယ်တော့ သူတို့နဲ့ အဆက်အသွယ်မရသေးပါဘူး"
ဝန်ကြီး ဦးနော်လီနဲ့ ဦးဝင်းညွန့်တို့ကို စစ်တပ်ကို အကြည်ညိုပျက်စေမှု ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ)၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ တို့နဲ့ ကချင်ပြည်နယ် တရားလွှတ်တော်က ထောင်ဒဏ် သုံးနှစ်ခွဲချမှတ်ထားတာဖြစ်ပါတယ်။
လွတ်မြောက်လာတဲ့ ဝန်ကြီးနှစ်ဦးကို မေးမြန်းဖို့ RFA က ဖုန်းဆက်ခဲ့ပေမဲ့ ဆက်သွယ်လို့မရသေးပါဘူး။
ပြီးခဲ့တဲ့ မတ်လ ၁ ရက်နေ့ကလည်း အမျိုသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ မန္တလေးတိုင်းအတွင်းရေးမှူး ဦးတင်ကိုကို လွတ်ရက်စေ့ပြီး မန္တလေးမြို့ အိုးဘိုအကျဉ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာပါတယ်။
အလားတူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) အစိုးရလက်ထက် မန္တလေး မြို့တော်ဝန် ဒေါက်တာရဲလွင်နဲ့ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဇေယျတို့ နှစ်ဦး စစ်ကောင်စီရဲ့ လွတ်ငြိမ်းသက်သာခွင့်နဲ့ ဇန်နဝါရီလ ၄ ရက်နေ့က လွတ်မြောက်လာခဲ့ပါတယ်။