NLD ဗဟိုကော်မတီ အစည်းအဝေး လာမယ့် စနေ ဖွင့်လှစ်ကျင်းပမည်
2014.12.07
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နိုင်ငံလုံးဆိုင်ရာ ဗဟိုကော်မတီ အစည်းအဝေးကို အခုလ ဒုတိယပတ်မှာ ကျင်းပမှာဖြစ်ပြီး လာမယ့် ၂ဝ၁၅ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဆွေးနွေးမယ်လို့ သိရပါတယ်။
အဲ့ဒီအစည်းအဝေးကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မှာဖြစ်တယ်လို့ NLD ဗဟိုကော်မတီဝင် ဦးဝင်းမြင့် က ပြောပါတယ်။
"၂ဝ၁၅ နဲ့ နီးပြီးဆိုတဲ့အခါကျတော့ ပြည်နယ်နဲ့တိုင်းတစ်ခုခုက တင်လာတဲ့အပေါ်မှာ ဒါမှမဟုတ်လို့ရှိရင် လုပ်ငန်းကော်မတီရဲ့ တင်တဲ့အပေါ်မှာဆွေးနွေးနိုင်တဲ့ အနေအထားလည်း ရှိပါတယ်၊ ကိုယ်စားလှယ်လောင်း တောင်းတာတို့ ဘာတို့ညာတို့ ဘာမှာတော့ ကျနော်တို့ မရှိသေးဘူး၊ ဒါပေမဲ့ ကျနော်တို့ရဲ့ ကိုယ်စားလှယ်လောင်း အရည်အချင်းသက်မှတ်ချက်ကတော့ ၂ဝ၁၂ ကအတိုင်းပဲဗျ"
NLD ဗဟိုကော်မတီအစည်းအဝေးကို ဒီဇင်ဘာလ ၁၃ နဲ့ ၁၄ ရက်နေ့တွေမှာ ကျင်းပမှာဖြစ်ပါတယ်။
အမျိုးသားဒီမိုကရစီအဖွဲ့ချုပ်က လာမယ့် ၂ဝ၁၅ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေကို ပြီးခဲ့တဲ့ ၂ဝ၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမှာ ချမှတ်ခဲ့တဲ့ ကိုယ်စားလှယ်လောင်း အရည်အချင်းသတ်မှတ်ချက်တွေနဲ့ပဲ ရွေးချယ်သွားမှာဖြစ်တယ်လို့ ဦးဝင်းမြင့်က ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂ဝ၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမှာNLD ကအမျိုးသမီးတွေ၊ လူငယ်တွေနဲ့ တိုင်းရင်းသားကိုယ်စားလှယ်တွေကို ကိုယ်စားလှယ်လောင်းတွေအဖြစ် ဦးစားပေးထည့်သွင်းခဲ့ တာဖြစ်ပါတယ်။ နိုင်ငံလုံးဆိုင်ရာ ဗဟိုကော်မတီအစည်းအဝေးကို ကော်မတီဝင် ၁၂ဝ ခန့် တက်ရောက်မှာဖြစ်ပါတယ်။
နိုင်ငံလုံးဆိုင်ရာ ဗဟိုကော်မတီ အစည်းအဝေးနဲ့ပတ်သက်ပြီး ဗဟိုကော်မတီဝင် ဦးဝင်းမြင့်ကို RFA သတင်းထောက် မဝေမာထွန်းက ဆက်သွယ်မေးမြန်းထားပါတယ်။