သုံးနှစ်အတွင်း NLD ပါတီဝင်ပေါင်း နှစ်ထောင်ကျော် ဖမ်းဆီးခံရ

RFA Burmese
2024.02.09
သုံးနှစ်အတွင်း NLD ပါတီဝင်ပေါင်း နှစ်ထောင်ကျော် ဖမ်းဆီးခံရ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးနေကြသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝန်းရံသူများအား ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၂၅ ရက်နေ့က တွေ့ရစဉ်။
AFP

အာဏာသိမ်းပြီးချိန်ကနေ သုံးနှစ်အတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်ပေါင်း ၂၀၄၉ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ လူ့အခွင့်အရေး ချိုးဖောက်မှုများ မှတ်တမ်းတင်ကောက်ယူရေးအဖွဲ့ (HRDT-NLD) က ဖေဖော်ဝါရီလ ၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

အာဏာသိမ်းပြီးချိန်ကနေ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့အတွင်း NLD ပါတီဝင် ၁၉၀၅ ဦးနဲ့ လွှတ်တော်ကိုယ်စားလှယ် ၁၄၄ ဦး တို့ဟာ စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးခံခဲ့ရတယ်လို့ HRDT-NLD က ဖော်ပြထားပါတယ်။

ဒါဟာ ၂၀၂၃ ခုနှစ် စက်တင်ဘာလ စာရင်းတွေအရ ဖမ်းဆီးခံထားရတဲ့ NLD ပါတီဝင်ပေါင်း ၁၉၁၀ ဦးထက် လေးလအတွင်း ၁၃၉ ဦး တိုးလာတာဖြစ်ပါတယ်။

သုံးနှစ်အတွင်း ဖမ်းဆီးသတ်ဖြတ်ခံရသူတွေထဲမှာ ပါတီဝင် တစ်ရာနဲ့ လွှတ်တော်ကိုယ်စားလှယ် နှစ်ဦး စုစုပေါင်း NLD ပါတီဝင်ပေါင်း ၁၀၂ ဦး ပါဝင်နေတယ်လို့ HRDT-NLD က ရေးသားထားပါတယ်။

နောက်ပြီး စစ်ကောင်စီက နေအိမ်နဲ့ ပိုင်ဆိုင်မှုတွေကို ချိပ်ပိတ်သိမ်းဆည်းတာ၊ ဖျက်ဆီးခံရတာတွေကြောင့် ပါတီဝင်ပေါင်း ၄၃၅ ဦးရဲ့ ပိုင်ဆိုင်မှု ၅၄၉ ခု ဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။

HRDT-NLD ဟာ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို မှတ်တမ်းတင် ကောက်ယူတဲ့အဖွဲ့တစ်ခုဖြစ်ပြီး NLD ပါတီက တည်ထောင်ထားတာဖြစ်ပါတယ်။

ဒီအစီရင်ခံစာနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်တာမျိုး မတွေ့ရသေးပါဘူး။

အာဏာသိမ်းကာလအတွင်း NLD ပါတီရဲ့ ရုံးချုပ်ကနေ ရပ်ကျေးရုံးတွေအထိ တိုက်ခိုက်ခံရမှုတွေဟာလည်း ၁၆၄ ကြိမ်အထိ ရှိခဲ့တယ်လို့ HRDT-NLD ရဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။