NLD ကိုယ်စားလှယ် ဦးညီပုကို ရခိုင်ပြည်နယ်ဝန်ကြီးချုပ် အတည်ပြုခန့်အပ်
2016.03.30

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် NLD ပါတီ ဂွမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးညီပုကို အဆိုပြုထားတာ ကို ရခိုင်အမျိုးသားပါတီက ကန့်ကွက်ခဲ့ပေမယ့် ပြည်နယ်လွှတ်တော်က ဒီကနေ့ အတည်ပြုခန့်အပ်လိုက်ပါတယ်။
ကန့်ကွက်မှုဟာ ဥပဒေလုပ်ထုံးလုပ်နည်းနဲ့ မညီတာကြောင့် အတည်ပြုခန့်အပ်ကြောင်း လွှတ်တော်ဥက္ကဌ ဦးစံကျော်လှက ကြေညာခဲ့ပါတယ်။
"လွှတ်တော်ကိုယ်စားလှယ် ဦးကျော်လွင်၏ ကန့်ကွက်လွှာမှာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ဝန်ကြီးချုပ်တစ်ဦး၏ သတ်မှတ်ထားသော အရည်အချင်းကို ကန့်ကွက်ခြင်း မဟုတ်ကြောင်း သိရှိရပါသည်၊ သို့ပါ၍ ၎င်းတင်သွင်းမှုမှာ ဥပဒေလုပ်ထုံးလုပ်နည်းနဲ့ မညီကြောင်း သိရှိရပါသဖြင့် ဂွမြို့နယ်မဲဆန္ဒနယ် အမှတ် ၂ မှ ပြည် နယ်လွှတ်တော်ကိုယ်စားလှယ် ဦးညီပုအား ခန့်အပ်ရန် ရခိုင်ပြည်နယ် လွှတတေ်ာက သဘောတူ အတည်ပြုကြောင်း ကြေညာအပ်ပါတယ်"
ဦးညီပုဟာ လာမယ့် ဧပြီလ ၁ရက်နေ့ ကျင်းပမယ့် ပြည်နယ်လွှတ်တော်မှာ ဝန်ကြီးချုပ်အဖြစ် ကျမ်းသစ္စာကျိန်ဆို မှာဖြစ်ပါတယ်။ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်တာဝန်ကို ANP က တစ်ဦးဦးကို ခန့်အပ်ဖို့ စစ်တွေ၊ မြောက်ဦး နဲ့ ကျောက်ဖြူမြို့တွေမှာ တောင်းဆိုမှုတွေ ရှိခဲ့သလို၊ တောင်ကုတ်မြို့မှာ ဒေသခံတွေကလည်း ANP ပါတီရဲ့ တောင်းဆိုမှုတွေကို ကန့်ကွက်ကြောင်း ဒီကနေ့ ဆန္ဒပြကြပါတယ်။
အလားတူ ကချင်ပြည်နယ်လွှတ်တော်က ဒေါက်တာခက်အောင်ကို ကန့်ကွက်သူမရှိ အတည်ပြုလိုက် ပါတယ်။ ဒေါက်တာခက်အောင်က အစိုးရသစ်လက်ထက်မှာ ငြိမ်းချမ်းရေးကိစ္စကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုနဲ့ ကြိုးပမ်းသွားမယ်လို့ ပြောပါတယ်။
"ကျနော်တု့ိ ကချင်ပြည်နယ်အနေနဲ့ သတ်သတ်ကြီး ငြိမ်းချမ်းရေးကို အကောင်အထည်ဖော်လို့ မရဘူး၊ ဒီတော့ ပြည်ထာင်စုကနေပြီးတော့ ဖော်ဆောင်တဲ့ ငြိမ်းချမ်းရေးအပေါ်မှာပဲ ကချင်ပြည်နယ်ရဲ့ ငြိမ်းချမ်းရေးလည်း မူတည်မှာဖြစ်ပါတယ်၊ ငြိမ်းချမ်းရေးကို ကော်မတီအသစ်တွေ ထပ်ဖွဲ့ပြီးတော့ ကျနော်တို့ရဲ့ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည် ကနေ ဦးဆောင်ပြီးတော့ လက်နက်ကိုင်အဖွဲ့အစည်းတွေ အားလုံးပါဝင်လာနိုင်အောင် ဆောင်ရွက် ပြီးတော့ အကောင်အထည်ဖော်သွားမှာဖြစ်ပါတယ်"
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က လူမှုရေးရာဝန်ကြီးဌာနကိုလည်း ပူးတွဲတာဝန်ယူသွား မှာဖြစ်ပြီး ပြည်နယ်အစိုးရအဖွဲ့မှာ ဝန်ကြီးဌာန ၅ ခုနဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ၄ ဦး ရှိမှာဖြစ်ပါတယ်။
ဒီနေ့ ကချင်ပြည်နယ်လွှတ်တော်ကို မြစ်ကြီးနား၊ မိုးညှင်း၊ မိုးကောင်း၊ နမ္မတီး၊ ဟိုပင်၊ ဝိုင်းမော် စတဲ့ မြို့နယ်တွေက NLD ပါတီဝင် ၉၀ လောက် တက်ရောက်လေ့လာခဲ့ပါတယ်။