လွှတ်တော်ဥက္ကဌ နေရာတွေ အတွက် NLD အဆိုပြု
2016.01.20
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မကြာခင်ပေါ်ပေါက်လာမယ့် လွှတ်တော်သစ်တွေအတွက် ထိပ်တန်းတာဝန် ၄ ခုမှာ ၃ ခုကို တိုင်းရင်းသားကိုယ်စားလှယ်တွေထဲက ရွေးချယ်ထားတယ်လို့ RFA က စုံစမ်းသိရှိရပါတယ်။
ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် ဥက္ကဌနေရာနှစ်ခုအတွက် NLD ဗဟိုအလုပ်အမှုဆောင် ဦးဝင်းမြင့်နဲ့ ကရင်တိုင်းရင်းသားတစ်ဦးကို အဆိုပြု လျာထားသလို၊ လွှတ်တော် ဒုဥက္ကဌနေရာတွေအတွက် ANP ရခိုင် အမျိုးသားပါတီက ကိုယ်စားလှယ်တစ်ဦးနဲ့ တခြားပါတီတစ်ခုက ကချင်တိုင်းရင်းသား ကိုယ်စားလှယ်တစ်ဦးကို အဆိုပြု လျာထားခဲ့ကြောင်းသိရပါတယ်။
လွှတ်တော် ဒုဥက္ကဌနေရာအတွက် ရခိုင်အမျိုးသားပါတီက ကိုယ်စားလှယ်ဆိုရင် ဦးအေးသာအောင် ဖြစ်နိုင်တယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦး က RFA ကို ပြောပါတယ်။
"မနေ့တုန်းကတော့ ပြောသံတော့ကြားတယ်လေ၊ ဦးဝင်းမြင့်ကတော့ လွှတ်တော်ဥက္ကဌ၊ နောက်တစ်ခါ တိုင်းရင်းသားထဲက ကချင်ထဲကတစ်ယောက်ဖြစ်ပါတယ်၊ ကရင်ထဲကလည်း တစ်ယောက်ဖြစ်ပါတယ်၊ အဲ့ဒါကတော့ ကျနော်တို့ကြားပါတယ်၊ ရခိုင်ကိစ္စတော့ ကျနော်ကတော့ သဲ့သဲ့တော့ကြားတာကတော့ ဦးအေးသာအောင်လို့ ကြားတယ်ခင်ဗျ"
NLD ပါတီက ကရင်တိုင်းရင်းသားကိုယ်စားလှယ် ဦးဝင်းခိုင်သန်းကို လွှတ်တော်ဥက္ကဌတာဝန်တစ်ခု အတွက် အဆိုပြု လျာထားတယ်လို့ NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ပြောဆိုကြောင်း AFP သတင်းမှာ ဖေါ်ပြ ထားပါတယ်။
အဲ့ဒီနေရာ ၄ ခုလုံးခန့်အပ်တဲ့အခါမှာ လွှတ်တော်သစ်တွေရဲ့ မဲခွဲအတည်ပြုချက်လိုအပ်ပါတယ်။
ရွေးကောက်ပွဲမှာ NLD က လွှတ်တော်နေရာအများစု အနိုင်ရထားတဲ့အတွက် အခု NLD က အဆိုပြုထားသူတွေ ကိုပဲ အတည်ပြုခံရမှာဖြစ်တယ်လို့ AFP သတင်းက ဖေါ်ပြပါတယ်။
လွှတ်တော်ဥက္ကဌတွေ အဆိုပြုခဲ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီး NLD နာယက ဦးတင်ဦးကို RFA အဖွဲ့သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းခဲ့တာ နားဆင်နိုင်ပါတယ်။