NLD ဗဟိုက ရွေးချယ်လိုက် သူတွေကို မကျေနပ်လို့ ပခုက္ကူမှာ ပါတီဝင်တွေရာနဲ့ချီ ဆန္ဒပြ


2015.08.07

လာမယ့်ရွေးကောက်ပွဲမှာ မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ ်ဗဟိုက  ရွေးချယ်လိုက်တဲ့ ကိုယ်စားလှယ်လောင်း ၄ ဦးကို မြို့နယ် ပါတီဝင်တွေက လက်မခံနိုင်တဲ့အတွက် အစားထိုးပေးဖို့ ဒီနေ့ လူတွေရာနဲ့ချီ ဆန္ဒပြတောင်းဆိုကြပါတယ်။

ရပ်ကွက်၊ ကျေးရွာနဲ့ မြို့နယ်အဆင့်ဆင့်က မဲပေးရွေးချယ်လိုက်သူတွေ မပါတာကြောင့် တောင်းဆိုတာဖြစ်တယ်လို့ ဒီနေ့ ဆန္ဒပြပွဲမှာပါဝင်တဲ့ ပခုက္ကူမြို့နယ်၊ မယ်ဇလီကုန်းကျေးရွာအုပ်စု NLD အလုပ်အမှုဆောင် ဦးကျော်ဝင်းအောင် က ပြောပါတယ်။

"ဒီပြင့်မြို့နယ်တွေမှာ ၅ဝ ရာခိုင်နှုန်းတို့ ၃ ယောက်တစ်ယောက်တို့ ဒီလိုလေးတွေ သုံးချိုးတစ်ချိုးတို့ ဒီလိုလေးတွေယှဉ်တာလေ၊ ကျနော်တို့မြို့နယ်တွေမှာတော့ မဟုတ်ဘူး၊ ရာနှုန်းပြည့် ပြည်သူမကြိုက်တာဖြစ် သွားတယ်၊ တင်လိုက်တဲ့ ၄ ယောက်မကျပဲနဲ့ မတင်လိုက်တဲ့လူ ၄ ယောက်ကျလာတယ် အဲ့ဒီလိုဖြစ်တယ်"

ပါတီဗဟိုရဲ့ ကိုယ်စားလှယ်လောင်း ရွေးချယ်မှုကို မကျေနပ်တာကြောင့် ပခုက္ကူမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးသန့်ရှင်းက ပြီးခဲ့တဲ့ရက်ပိုင်းက ပါတီကနေ နှုတ်ထွက်ကြောင်း စာတင်လိုက်ပါတယ်။

ဒါ့အပြင် မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် ပါတီဗဟိုက ရွေးချယ် လိုက်သူတချို့ကို မြို့နယ်အဆင့်ပါတီဝင်တွေက လက်မခံနိုင်တာကြောင့် တိုင်တန်းထားတယ်လို့ မိတ္ထီလာမြို့နယ် အန်အယ်လ်ဒီပါတီဝင် ဦးအေးလွင်က ပြောပါတယ်။

"ဦးသန်းစိုးဆိုတာက အမျိုးသားလွှတ်တော်မှာ မဲအရေအတွက်က ၁၆ မဲရတယ်ဗျ၊ နောကပ်ပြီးတော့ ဦးမျိုးညွန့်က အရန်က ၁၂ မဲရတယ်ဗျ၊ အမျိုးသားလွှတ်တော်မှာ တစ်ယောက်မှပါမလာပဲနဲ့ ဗဟိုဦးစီးစနစ်က ကျင့်သုံးပြီးတော့ ရွှေဘိုကလို့ပြောတယ်ဗျ၊ အဲ့ဒီကိုယ်စားလှယ်ကို ပေးတဲ့အတွက်ကြောင့်မို့လို့ ကျနော်တို့ ပါတီဝင်ထုအပါအဝင် ကျနော်တို့ မြို့မိမြို့ဖနဲ့ အောင်နိုင်ရေးအဖွဲ့က မကျေနပ်လို့ဖြစ်ပါတယ်ဗျ ၊ ပြည်သူ့ လွှတ်တော်မှာ ကျနော်တို့ ဒေါက်တာ ဝင်းစိုးကို ကျနော်တို့ ကျေနပ်ပါတယ်၊ တိုင်းဒေသကြီးအဆင့်ကို ဒေါက်တာ တင်စိုးကို ကျနော်တို့  မြို့နယ်ကတင်တဲ့အမတ်ပါ၊ ကျနော်တို့ ကျေနပ်ပါတယ်၊ တိုင်းဒေသကြီးအမှတ် ၁ ကတော့ ကျနော်တို့ ပါတီဝင်ထုနဲ့ မြို့သူမြို့သားအားလုံး လက်မခံတဲ့ပုဂ္ဂိုလ် ဦးတင်ကိုကို စပြီးတော့ ကျနော်တို့ မကျေနပ်တာ"

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ကိုယ်စားပြုပြီး ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လောင်း ၁၁၃၃ ယောက်ရဲ့ အမည်စာရင်းတွေကို ပြီးခဲ့တဲ့ သြဂုတ်လ ၁ ရက်နေ့က ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။