တိုင်းရင်းသားတွေရဲ့ ဆန္ဒကို အလေးထားမယ်လို့ NLD ထုတ်ပြန်


2020.11.13
dassk-winmyint-622.jpg သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့ ၂၀၂၀ သြဂုတ်လ ၁၉ ရက်နေ့က ပြည်ထောင်စု ငြိမ်းချမ်း‌ရေး ညီလာခံ - ၂၁ ရာစုပင်လုံ စတုတ္ထအစည်းအဝေး တက်ရောက်လာစဉ်
Photo: Myanmar State Counsellor Office

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ တိုင်းရင်းသားလူမျိုးစုတွေရဲ့ ဆန္ဒတွေကို အလေးထားဆောင်ရွက်မှာဖြစ်ပြီး တိုင်းရင်းသားပါတီတွေအနေနဲ့လည်း ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို တက်တက်ကြွကြွ ပူးပေါင်းပါဝင်ကြလိမ့်မယ်လို့ မျှော်လင့်ကြောင်း NLD ပါတီက ကြေညာထုတ်ပြန်ထားပါတယ်။

တိုင်းရင်းသားပါတီ ၄၈ ပါတီကို လိပ်မူပြီး မနေ့က ရက်စွဲနဲ့  စာပေးပို့ခဲ့တာပါ။

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီရဲ့ တွဲဖက်အတွင်းရေးမှူး စိုင်းကျော်ညွန့်က ပါတီထံ တရားဝင်အီးမေလ်း၊ ဖုန်းကနေတဆင့် ထုတ်ပြန်စာနဲ့ ပတ်သက်လို့ အသိပေး ပြောဆိုတာမရှိသေးကြောင်းနဲ့ NLD ပါတီရဲ့ ဆောင်ရွက်မှုတွေကို စောင့်ကြည့်ရဦးမယ့် အခြေအနေသာ ရှိသေးကြောင်း ပြောပါတယ်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲရလဒ်အရ တိုင်းရင်းသားဒေသတွေမှာ တိုင်းရင်းသားပါတီတချို့ ကျေနပ်ဖွယ် ရလဒ်တွေရရှိခဲ့ပေမယ့် တချို့ကတော့ ရည်မှန်းချက်အတိုင်း မဖြစ်လာခဲ့ဘူးလို့ NLD ရဲ့ စာမှာ ဖော်ပြထားပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ထုတ်ပြန်ချက်အရ NLD ပါတီဟာ ပြည်ထောင်စုအဆင့်လွှတ်တော်မှာ အစိုးရဖွဲ့နိုင်တဲ့ အရေအတွက် ၃၂၂ ကို ကျော်လွန်အောင်နိုင်ခဲ့ပြီး ဖြစ်ပါတယ်။

တိုင်းရင်းသားပါတီတွေက ပြည်နယ်တွေမှာ အများစုအနိုင်ရတဲ့ တိုင်းရင်းသားပါတီတွေရဲ့ ဆန္ဒနဲ့ ဝန်ကြီးချုပ် ခန့်အပ်ပြီး ပြည်နယ်အစိုးရဖွဲ့နိုင်ရေးကို လိုလားနေကြတာဖြစ်ပါတယ်။

၂၀၁၆ ခုနှစ်မှာ NLD က  ဝန်ကြီးချုပ် ၁၄ ဦး ခန့်အပ်ရာမှာ NLD အမတ်တွေထဲကပဲ ရွေးချယ်ခဲ့ပါတယ်။

----------------------

(၂၀၂၀ ရွေးကောက်ပွဲဝင်မယ့် အထင်ကရ နိုင်ငံရေးပါတီတွေ၊ ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်တွေနဲ့ သတင်းပေးပို့ချက်တွေကို RFA ရွေးကောက်ပွဲအထူးအစီအစဉ် စာမျက်နှာမှာ တစုတစည်းတည်း လေ့လာကြည့်ရှုနိုင်ပါတယ်။)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။