ပါတီကို ဝန်းရံသူတွေ လူစုလူဝေးနဲ့ လှည့်လည်တာ ရပ်နားထားဖို့ NLD ပြော


2020.10.04
npt-nld-campaig-622 နေပြည်တော် ဇဗ္ဗူသီရိမြို့နယ် အောင်ဇမ္ဗူရပ်ကွက်မှာ NLD ပါတီမဲဆွယ်စည်းရုံးရေးကို ၂၀၂၀ စက်တင်ဘာ ၃၀ရက်နေ့က ပြုလုပ်ခဲ့စဉ်
Photo: Thiha Tun / RFA

လူစုလူဝေး အများအပြားနဲ့ ယာဉ်အမျိုးမျိုးအသုံးပြုပြီး စုဝေးလှည့်လည် အင်အားပြတာတွေကို ယာယီ ရပ်နားထားဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) က အောက်တိုဘာ ၃ ရက်နေ့ မနေ့က ကြေညာချက် ထုတ်ပြန်ပြီး မေတ္တာရပ်ခံလိုက်ပါတယ်။

NLD ပါတီကို ထောက်ခံဝန်းရံသူတွေဟာ မော်တော်ယာဉ်တွေ၊ မော်တော်ဆိုင်ကယ်တွေ၊ ဆိုက္ကားနဲ့ စက်လှေသမ္ဗာန်တွေသုံးပြီး မြို့နယ်အသီးသီးမှာ လှည့်လည်အင်အားပြတာဟာ လူစုလူဝေးဖြစ်ပေါ်စေပြီး ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ကိုရိုနာဗိုင်းရပ် (ကိုဗစ်-၁၉) စည်းမျဉ်းစည်းကမ်းတွေနဲ့ မညီဘဲ ဖြစ်နိုင်သလို ပြည်သူတွေရဲ့ ဝေဖန်မှုတွေပါ ဖြစ်ပေါ်စေနိုင်တယ်လို့ NLD ပါတီရဲ့ ကြေညာချက်မှာ ပြောထားပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း ပါတီကို ထောက်ခံသူတွေအနေနဲ့ လူစုလူဝေးနဲ့ မဲဆွယ်စည်းရုံးတာတွေမလုပ်ဘဲ ရွေးကောက်ပွဲနေ့မှသာ မဲရုံသွားပြီး မဲပေးဖို့ ပြောထားတဲ့အပြင် ဒီနေ့ မနက်ကလည်း ပြည်သူတွေအနေနဲ့ ကိုယ့်အတွက် အန္တရာယ်ရှိတဲ့ နည်းလမ်းတွေနဲ့ ထောက်ခံမှုကို မပြဘဲ NLD အလံတွေ လွှင့်ထူးထားတဲ့ပုံစံနဲ့သာ ထောက်ခံကြဖို့ ထပ်မံပြောဆိုထားပါတယ်။

လက်ရှိမှာ ကိုဗစ် - ၁၉ ကြောင့် NLD ပါတီအပါအဝင် ပါတီအသီးသီးက ကိုယ်စားလှယ်လောင်းတွေနဲ့ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းတွေဟာ သူတို့ရဲ့ မဲဆွယ်စည်းရုံးရေးလုပ်ငန်းတွေကို ရပ်ဆိုင်းထားပါတယ်။

ဒါပေမဲ့ နိုဝင်ဘာလ ၈ ရက်နေ့မှာကျင်းပမယ့် ရွေးကောက်ပွဲအတွက် မြို့နယ်အသီးသီးက အင်အားကြီးပါတီဖြစ်တဲ့ NLD နဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို ထောက်ခံဝန်းရံသူတွေက လူအင်အားရာနဲ့ ထောင်နဲ့ချီပြီး လှည့်လည်တာ အင်အားပြတာတွေကို လုပ်ဆောင်နေကြပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ ကိုရိုနာဗိုင်းရပ်(ကိုဗစ်-၁၉)ရောဂါ ဖြစ်ပွားမှုများပြားနေတဲ့ ရန်ကုန်တိုင်းနဲ့ ရခိုင်ပြည်နယ်အပြင် ပဲခူးတိုင်း၊ မန္တလေးတိုင်း၊ ဧရာဝတီတိုင်းနဲ့ မွန်ပြည်နယ်က မြို့နယ် ၁၁ မြို့နယ်ကို နေအိမ်မှာ နေထိုင်ခြင်းအစီအစဉ် (Stay at Home) သတ်မှတ်ကြေညာထားပါတယ်။

-------------------------

(၂၀၂၀ ရွေးကောက်ပွဲဝင်မယ့် အထင်ကရ နိုင်ငံရေးပါတီတွေ၊ ရွေးကောက်ပွဲအကြောင်း သိကောင်းစရာ အချက်အလက်တွေနဲ့၊ ရွေးကောက်ပွဲဆိုင်ရာ သတင်းပေးပို့ချက်တွေ၊ ဗီဒီယိုတွေ၊ တွေ့ဆုံမေးမြန်းချက်တွေကို RFA ရွေးကောက်ပွဲအထူးအစီအစဉ် စာမျက်နှာမှာ တစုတစည်းတည်း လေ့လာကြည့်ရှုနိုင်ပါတယ်။)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။