NLD ဟောပြောလိုတဲ့နေရာ အာဏာပိုင် ခွင့်မပြု


2014.06.02
88-436-305 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၈၈မျိုးဆက်(ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)တို့ ပူးပေါင်းကျင်းပတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထု နဲ့ တွေ့ဆုံရှင်းလင်းပွဲကို ဇွန်လ ၂ ရက်က ချင်းပြည်နယ်၊ ဟားခါးမြို့၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးရှေ့မှာ ကျင်းပစဉ်
Photo: 88 Facebook

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်းပြီး ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုဟောပြောပွဲကို ဒီနေ့ ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့နယ် မိုးလုံလေ လုံအားကစားရုံမှာကျင်းပခွင့် တောင်းထားတာ အုပ်ချုပ်ရေးက ခွင့်မပြုဘူးလို့ သိရပါတယ်။

ဒီကနေ့ ကျင်းပဖို့ခွင့်တောင်းထားတဲ့ မိုးလုံလေလုံ အားကစားရုံမှာ ကျင်းပခွင့်မပေးတာကို မနေ့ကမှ အကြောင်းကြားတာကြောင့် မြို့နယ်ရုပ်ရှင်ရုံ မှာ ပြောင်းရွှေ့ကျင်းပခဲ့ရတယ်လို့  အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ကိုမျိုးရန်နောင်သိန်း က ပြောပါတယ်။

"ပုံစံမျိုးစုံနဲ့ ဒုက္ခပေးတာပဲ ဒီပွဲမှာ မိုးလုံလေလုံ အားကစားကွင်းကို ခွင့်မပြုနိုင်လို့ရှိရင် စောစော စီးစီး ပြင်ဆင်ချိန်ရအောင်လို့ပေါ့နော် ကျနော်တို့ ကို အကြောင်းပြန်သင့်တာပေါ့ အဲ့လို အကြောင်း မပြန်ပဲနဲ့ ဒီလိုနေ့မျိုးမှာ ည ၈ နာရီခွဲမှ မရနိုင် ဘူးလို့ အကြောင်းပြန်တယ်ဆိုတာ ဒါဒီပွဲကို မဖြစ်စေချင်တဲ့ဆန္ဒ ဘက်ပေါင်းစုံကနေပြီးတော့ အနှာက် အယှက်ပေးတဲ့ သဘောပဲ ကျနော်မြင်တယ်ဗျ၊ ဒါဟာ အုပ်ချုပ်ရေး အာဏာပိုင် အဆင့်ဆင့်ကနေ ပြီးတော့ ဒီလိုမျိုးလုပ်နေတာကို နေရာတကာမှာလည်းကြားနေရတယ် "

ဒီ ဟောပြောပွဲမှာ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖ့ွဲအစည်းက ကိုလှမျိုးနောင် ၊ ဗေဒါ သင်တန်းကျောင်းက ကိုဇေယျဦးနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကိုမျိုးရန်နောင်သိန်း တို့က ပုဒ်မ ၄၃၆ ပြင်ဆင်ရေး အတွက် ဟောပြောဆွေးနွေးခဲ့ကြပြီး ဒေသခံ ၅၀၀လောက် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

ချင်းပြည်နယ် ဟားခါးမြို့မှာလည်း  ဒီနေ့ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုဟောပြောပွဲကို "ကာဆင်ဟော" မှာ ကျင်းပခွင့် တောင်းထားတာကို ပြည်နယ်ဝန်ကြီးချုပ်က ခွင့်မပြုတဲ့အတွက် ဟားခါးမြို့နယ် ပြည်တော်သာရပ်ကွက် က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ ကျင်းပခဲ့ရတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။