ရွေးကောက်ပွဲနေ့မှာ ပင်နီနဲ့ ကချင်ပုဆိုး မဝတ်ကြဖို့ NLD ဗဟို ညွှန်ကြား


2015.10.19
nld-candidates-620.jpg ပင်နီနဲ့ ကချင်ပုဆိုးဝတ်ထားတဲ့ NLD ကိုယ်စားလှယ်လောင်းတချို့ကို တွေ့ရစဉ်
Photo: RFA

နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲနေ့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ ၊ ရွေးကောက်ပွဲကိုယ်စားလှယ်တွေ၊ မဲရုံကိုယ်စားလှယ်တွေနဲ့ အကူကိုယ်စားလှယ်တွေအနေနဲ့ ပါတီရဲ့ ရင်ထိုး တံဆိပ်ကလွဲပြီး ပင်နီတိုက်ပုံ၊ အင်္ကျီနဲ့ ကချင်ပုဆိုးတွေ မဝတ်ဆင်ကြဖို့ NLD ဗဟိုက ဒီကနေ့ ညွှန်ကြားချက် ထုတ်ပြန်လိုက်ပါတယ်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားချက်ကို တစ်ပြည်လုံးက NLD ပါတီဝင်တွေဆီထပ်ဆင့် ညွန်ကြားချက်ထုတ်ပြန်လိုက်တာဖြစ်တယ်လို့ NLD ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဟံသာမြင့်က ပြော ပါတယ်။

"မဲရုံထဲမှာ စည်းရုံးလှုံ့ဆော်မှု အသွင်ဆောင်တဲ့ကိစ္စတွေ မလုပ်ဖို့ဆိုတဲ့ စာပါပဲ၊ စည်းရုံးလှုပ်ရှားတဲ့အခါ ကချင်ပုဆိုးနဲ့ တိုက်ပုံအင်္ကျီက အမြဲတမ်းတွဲနေတယ်ဆိုတော့ ဒီဟာတွေ မလုပ်ပါနဲ့ဆိုတော့သဘော ပါ၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရဲ့ ညွှန်ကြားချက်နဲ့ မကိုက်ညီဘူးပေါ့၊ ဒါနဲ့ပတ်သက်ပြီး ကန့်ကွက်ချက်တွေဘာတွေ ပေါ်လာနိုင်တယ်၊ မဖြစ်အောင် ကြိုပြီးညှိနှိုင်းတဲ့သဘောပါ"

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ လွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေ ၄၈ (ခ) (၆) အရ လွှတ်တော် ကိုယ်စားလှယ်လောင်းတွေအနေနဲ့ ရွေးကောက်ပွဲကျင်းပတဲ့နေ့မှာ မဲဆွယ်စည်းရုံးတဲ့အသွင်ဆောင်တဲ့ ဝတ်စားဆင်ယင်မှုတွေကို ခွင့်မပြုကြောင်း ပါရှိပါတယ်။

ဒါကြောင့် NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့က တစ်ပြည်လုံးမှာရှိတဲ့ NLD ပါတီရဲ့ လွှတ်တော် ကိုယ်စားလှယ်လောင်းတွေ၊ မဲရုံကိုယ်စားလှယ်တွေနဲ့ အကူကိုယ်စားလှယ်တွေကို ထပ်ဆင့်ညွှန်ကြားလိုက်တာဖြစ်ကြောင်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။