NLD နာယက ဦးတင်ဦးရဲ့ ခရီးစဉ်အားလုံး ဖျက်သိမ်း
2015.10.20

NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦးရဲ့ ကျန်းမာရေးအခြေအနေကြောင့် ရခိုင်ပြည်နယ် ခရီးစဉ်အပါအဝင် ဦးတင်ဦး ဦးဆောင်သွားမယ့် ရွေးကောက်ပွဲအောင်နိုင်ရေး ဟောပြောပွဲ ခရီးစဉ်အားလုံးကို ဖျက်သိမ်းလိုက်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ညွှန်ကြားချက်နဲ့ ခရီးစဉ်တွေကို ဖျက်သိမ်းလိုက်တာ ဖြစ်တယ်လို့ ဦးတင်ဦးရဲ့ ခရီးစဉ်တွေကို စီစဉ်ဆောင်ရွက်နေတဲ့ NLD ပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးစိုးဝင်းက ပြောပါတယ်။
"ကျန်းမာရေးကြောင့် ရခိုင်တင်မဟုတ်ဘူး၊ ရန်ကုန်တိုင်းရော ဘာရောအားလုံး ကျနော်တို့ သွားမယ့်ဟာက ရန်ကုန်တိုင်းထဲမှာ ၁၇ ရက်နေ့ကတည်းက သွားရမယ့်ဟာတွေ အခု ကျန်းမာရေးကြောင့် အခုကျနော်တို့သွားလို့ရှိရင် ဒယိမ်းဒယိုင် ဖြစ်ဖြစ်နေတယ်၊ အဲ့လိုဖြစ်လို့ရှိရင် ရွေးကောက်ပွဲထိအောင် ခံနိုင်မှာမဟုတ်ဘူး"
လာမယ့် အောက်တိုဘာလ ၂၇ ရက်နေ့မှာ ရခိုင်ပြည်နယ် စစ်တွေ၊ အမ်း၊ ကျောက်ဖြူ စတဲ့ မြို့နယ်တွေမှာ ဦးတင်ဦးက ဟောပြောပွဲတွေ ကျင်းပဖို့ စီစဉ်ထားတာဖြစ်ပြီး ပြီးခဲ့တဲ့ စက်တင်ဘာလကတည်းက ရှမ်းပြည်နယ်၊ မွန်ပြည်နယ်နဲ့ ဧရာဝတီတိုင်းတွေမှာ မဲဆွယ်စည်းရုံးရေး ဆင်းခဲ့တာဖြစ်ပါတယ်။
ဒီအတောအတွင်း NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရန်ကုန်တိုင်းအတွင်းက လွှတ်တော်ကိုယ်စား လှယ်လောင်းတွေ မြို့နယ်အလုပ်အမှုဆောင်အဖွဲ့တွေနဲ့ မြို့နယ်အောင်နိုင်ရေး အဖွဲ့တွေကို ဟောပြောပွဲတွေ မလုပ်ဖို့ ဒီကနေ့ ကြေညာချက်ထုတ်ပြန်ညွန်ကြားလိုက်ပါတယ်။
ဒီညွှန်ကြားချက်နဲ့ပတ်သက်ပြီး NLD ပါတီ နာယက ဦးတင်ဦးကို RFA အဖွဲ့သူ ဒေါ်ခင်ခင်အိ ဆက်သွယ်မေးမြန်း ထားတာ နားဆင်နိုင်ပါတယ်။