NLD နာယကရဲ့ပြောဆိုမှု ပါတီရဲ့သဘောထား မဟုတ်ကြောင်း ဒုဥက္ကဋ္ဌ တုံ့ပြန်
2020.07.02
ဖွဲ့စည်းပုံပြင်ဆင်ရေးဆောင်ရွက်ရင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သမ္မတဖြစ်လာနိုင်တယ်ဆိုတဲ့ NLD ပါတီ နာယက ဦးဝင်းထိန်ရဲ့ ပြောစကားဟာ ပါတီရဲ့ မူဝါဒ သဘောထား မဟုတ်ဘူးလို့ NLD ပါတီ ဒုတိယ ဥက္ကဋ္ဌ ၂ ၊ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က တုံ့ပြန် လိုက်ပါတယ်။
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အနေနဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး ဆောင်ရွက်ရင် ၂၀၂၀ ရွေးကောက်ပွဲအပြီး အစိုးရသစ်မှာ သမ္မတဖြစ်လာနိုင်တယ်လို့ NLD ပါတီ နာယက ဦးဝင်းထိန်က သတင်း မီဒီယာတစ်ခုနဲ့ မေးမြန်းခန်းမှာ မကြာခင်က ပြောခဲ့ပါတယ်။ ဒီပြောကြားချက်ဟာ ပါတီရဲ့ မူဝါဒလား၊ လက်ရှိ NLD ဦးဆောင်တဲ့ အစိုးရနဲ့ တပ်မတော်တို့ အကြား နားလည်မှု ယူထားတာရှိသလားလို့ သတင်းထောက်တွေက ဒေါက်တာ ဇော်မြင့်မောင်ကို မနေ့ကမေးမြန်းခဲ့ကြပါတယ်
NLD ပါတီ နာယက ဦးဝင်းထိန်ရဲ့ ပြောစကားဟာ ပါတီရဲ့ မူဝါဒ မဟုတ်ဘူးလို့ နေပြည်တော်မှာ ကျင်းပတဲ့ NLD ပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီ အစည်းအဝေးအပြီးမှာ NLD ပါတီ ဒုတိယ ဥက္ကဋ္ဌ ၂ ဒေါက်တာ ဇော်မြင့်မောင် က မနေ့က ဖြေရှင်းပါတယ်။
"NLD ရဲ့ သဘောထားတော့ မဟုတ်ဘူး အဲဒါတော့ ကျနော်အာမခံတယ်။ မူလဲမဟုတ်ဘူး သိလဲမသိဘူး၊ NLD ရဲ့မူ မဟုတ်ဘူးနော် ဒါရှင်းနေတာပဲ။ ခင်ဗျားတို့မေးတာလည်း ဒါ NLD ရဲ့ မူလားလို့ မေးတာ။ NLD ရဲ့မူ မဟုတ်ဘူးလို့၊ NLD က Bargain နည်းနဲ့ မလုပ်ဘူး၊ NLD ရဲ့ မူမဟုတ်ဘူးဆိုတော့ စဉ်းစားချက်ရှိပါ့မလား မဟုတ်ဘူးလား။"
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ အနေနဲ့ အဲဒီလို စဉ်းစားချက်တွေ၊ မူဝါဒတွေ လုံးဝမရှိခဲ့ဘူးလို့ ဒေါက်တာ ဇော်မြင့်မောင်က ပြောပါတယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လာမယ့် ရွေးကောက်ပွဲအပြီး မြန်မာ့နိုင်ငံရေးမှာ ပါဝင် ဆောင်ရွက်ဖို့ စဉ်းစားမယ်။ သူ့အနေနဲ့ နှစ်ပေါင်း ၄ဝ ကျော် နိုင်ငံရေးနဲ့ စစ်ရေးအတွေ့အကြုံတွေ ရှိတယ်လို့ ဇွန်လ ၂၃ ရက်နေ့က ရုရှား သတင်းဌာနတခုကို ပြောကြားခဲ့တဲ့အတွက် သမ္မတရာထူး ရယူဖို့ အစီအစဉ်ရှိသလားဆိုတဲ့ မေးခွန်းတွေ ထွက်ပေါ်နေပါတယ်။
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရဲ့ အတွေ့အကြုံတွေကို တိုင်းပြည်အတွက် ပြန်လည်အသုံးချသွားမှာ သေချာပေမယ့် NLD ပါတီနဲ့ တစ်စုံတစ်ရာ ညှိုနှိုင်းထားတယ်ဆိုတဲ့ အခြေအနေမျိုး သိထားသလောက်တော့ မရှိသေးဘူးလို့ RFA ကို ပြောပါတယ်။
"ဒါနဲ့ပတ်သက်ပြီးတော့ နိုင်ငံအတွက် သတင်းစာရှင်းလင်းပွဲမှာလည်း ပြောပါတယ်၊ နိုင်ငံအတွက် အတွေ့ အကြုံတွေကို နိုင်ငံနဲ့လူမျိုးအတွက် အကျိုးပြုနိုင်မယ့်နေရာတွေမှာ ဆောင်ရွက်သွားမယ်ဆိုတာပဲ ကျနော်တို့ ပြောထားပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီးတော့ ကျနော်သိထားသလောက်တော့ မရှိသေးပါဘူး။"
NLD ပါတီ နာယက ဦးဝင်းထိန်ရဲ့ ပြောဆိုချက်အပေါ်တော့ ဝေဖန်မှတ်ချက်ပေးဖို့ မရှိဘူးလို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကပြောပါတယ်။ နိုင်ငံရေးလေ့လာသုံးသပ်သူ တချို့ကတော့ ဒီအချိန်မှာ တပ်မတော်ကာကွယ်ရေးစီးချုပ်ရဲ့ မျှော်မှန်းချက်ကို ထုတ်ပြမှာ မဟုတ်သေးဘဲ ရွေးကောက်ပွဲအခြေအနေကို စောင့်ကြည့်လိမ့်မယ်လို့ ယူဆကြပါတယ်။
တပ်မတော်မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ နိုင်ငံရေးလေ့လာသူ ဒေါက်တာအောင်မျိုးက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သမ္မတ တာဝန်ယူ၊ မယူဆိုတဲ့ ငြင်းခုန်မှုတွေအပေါ် သူ့အမြင်ကို ပြောပြပါတယ်။
"သမ္မတရာထူးက မြင်နေရတာပေါ့နော်၊ လှမ်းဆုပ်မယ်ဆိုလို့ရှိရင် မြင်တော့မြင်နေရပြီဗျ၊ သူက ဆုပ်လို့တော့ မရသေးဘူးပေါ့နော်။ နောက်တစ်ခုကတော့ ဦးဝင်းထိန်ပြောတာကတော့ ဒါကတော့ ကျနော်ထင်ပါတယ်၊ NLD ပါတီအနေနဲ့ ဒါမဟုတ်ပါဘူး။ ဦးဝင်းထိန်က ဒါက ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ပေးမယ်ဆိုရင် လူတွေက အများကြီး သူ့ကိုပြန်ကြိုက်သွားမှာပဲ ဒါဆိုဖြစ်နိုင်ပါတယ်ဆိုတဲ့ သဘောမျိုးပဲဖြစ်လောက်ပါတယ်။ သူတို့ဒီ တပ်မတော်အနေနဲ့ကလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သက်သက်အတွက်နဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်မယ်ဆိုတာ၊ ပြင်မယ်ဆိုတာကတော့ အထူးသဖြင့် ဟိုဟာပေါ့နော် ၂၅ ရာခိုင်နှုန်းကို ဆုတ်ခွာမယ် ဘာညာဆိုတာက ဒါက သူ့သဘောနဲ့သူ ဆုံးဖြတ်နိုင်မှာမှ မဟုတ်ပဲ။"
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေနဲ့ ပြည်မက ရွေးကောက်ပွဲနိုင်တဲ့ ပါတီ တစ်ခုနဲ့ ပူးပေါင်းမယ့်အစား တိုင်းရင်းသားပါတီတွေနဲ့ ပူးပေါင်းပြီး တိုင်းရင်းသားတစ်ဦးကို သမ္မတတင်မြှောက်၊ သူက နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ရာထူးကို ရယူတဲ့ အခြေအနေမျိုးလည်း ရွေးကောက်ပွဲအပြီးမှာ ဖြစ်လာနိုင်ခြေရှိတယ်လို့ ဒေါက်တာ အောင်မျိုးက ဆိုပါတယ်။
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက် တနင်္ဂနွေနေ့မှာ လွှတ်တော်အသီးသီးအတွက် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွေ ကျင်းပမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က လွန်ခဲ့တဲ့ နှစ်ရက်ကပဲ ကြေညာ ခဲ့ပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့အနေနဲ့ နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲအတွက် ပါတီစည်းရုံးရေးနဲ့ နယ်မြေစည်းရုံးရေးလုပ်ငန်းတွေကို စတင်ဆောင်ရွက်တော့ မှာဖြစ်ကြောင်း NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ဒီနေ့ အစည်းအဝေးအပြီးမှာ ကြေညာချက်ထုတ်ပြန် ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ကော့မှုးမြို့နယ်ကနေ မယှဉ်ပြိုင်တော့မှာ သေချာပေမယ့် ဘယ်မြို့နယ်က အရွေးခံမလဲဆိုတာ မဆုံးဖြတ်ရသေးဘူးလို့ ဒေါက်တာဇော်မြင့်မောင်က ပြော ပါတယ်။ အလားတူ သမ္မတ ဦးဝင်းမြင့်လည်း ဘယ်နေရာက ၀င်ပြိုင်မယ်ဆိုတာ မသိသေးဘူးလို့ ဆိုပါတယ်။
NLD ပါတီ အနေနဲ့ ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းရေးမူမရှိဘူးလို့လည်း ဒေါက်တာဇော်မြင့်မောင်က ပြောပါတယ်။ ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်း စိစစ်ရေးအဖွဲ့ကို ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ခြောက်ဦးနဲ့ ဖွဲ့စည်းလိုက်သလို ပါတီအောင်နိုင်ရေး ဗဟိုအဖွဲ့ကိုလည်း မနေ့ကပဲ ဖွဲ့စည်းခဲ့တယ်လို့ ပြောပါတယ်။
တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်မှာ လွှတ်တော်ကိုယ်စားလှယ်လောင်းလျှောက်ဖို့ လျှောက်လွှာတင်သူ ရှိပါ့မလားလို့ စိုးရိမ်မှုတွေ အရင်က ရှိခဲ့ပေမယ့် လက်ရှိမှာတော့ ရခိုင်က မြို့နယ်တိုင်းမှာ လျှောက်လွှာတင်ကြ တယ်လို့ ဒေါက်တာဇော်မြင့်မောင်က ပြောဆိုသွားပါတယ်။