မဲစာရင်းတားမြစ်မှု ကော်မရှင်ကို NLD ကန့်ကွက်
2015.07.06

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက တစ်အိမ်တက်ဆင်း မဲစာရင်းကောက်ယူခဲ့တာကို သက်ဆိုင်ရာ မြို့နယ် /ရပ် ကျေးကော်မရှင်အဖွဲ့တွေက တားမြစ်ခဲ့တာတွေ ရှိခဲ့တဲ့အတွက် ကန့်ကွက်ကြောင်း ပြည်ထောင်စု ရွေးကောက် ပွဲကော်မရှင်ကို တင်ပြခဲ့တယ်လို့ NLD ပါတီက ပြောပါတယ်။
ဒီကနေ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်တွေနဲ့ NLD ပါတီက တာဝန်ရှိသူတွေ နေပြည်တော်မှာ ဒုတိယအကြိမ်တွေ့ဆုံစဉ် ကန့်ကွက်ကြောင်း ပြောကြားခဲ့တာဖြစ်တယ်လို့ NLD ပါတီ ဗဟိုမဲစာရင်းစိစစ်ရေး အဖွဲ့ခေါင်းဆောင် ဦးထွန်းထွန်းဟိန်က ပြောပါတယ်။
"မုဒုံမြို့မှာ အန်ကယ်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မဲစာရင်းစိစစ်နေတဲ့အခါမှာ မုဒုံမြို့နယ်ကော်မရှင် ကနေပြီးတော့ အန်ကယ်တို့ စိစစ်ရေးအဖွဲ့တွေကိုခေါ်ပါတယ်၊ ခေါ်ပြီးတော့ ခရိုင်ကော်မရှင်ရဲ့ ညွှန်ကြားချက်စာကြောင့် အန်ကယ်တို့ မဲစာရင်းစိစစ်တဲ့အခါမှာ တစ်အိမ်တက်ဆင်းမလုပ်ပါနဲ့ပေါ့၊ လုပ်လို့ရှိရင် ပြည်သူလူထုနဲ့ အငြင်းပွားဖွယ်ရာတွေရှိပါတယ်လို့ အန်ကယ်တို့ကို ပိတ်ပင်တယ်"
ဒါ့အပြင် NLD ပါတီက မဲစာရင်းစိစစ်ရေးလုပ်ငန်းတွေမှာ တွေ့ကြုံရတဲ့ အခက်အခဲတွေနဲ့ လုပ်ငန်းတွေ လွယ်ကူလျှင်မြန်သွားအောင် ဆွေးနွေးအကြံပြုချက်တွေ ပေးခဲ့တယ်လို့လည်း ဦးထွန်းထွန်းဟိန်က ပြောပါတယ်။
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကလည်း NLD ရဲ့ မဲစာရင်းကောက်ယူမှု တားမြစ်ခံရတာနဲ့ ပတ်သက်ပြီး ချက်ချင်းမေးမြန်းစုံစမ်းပေးမယ်လို့ ပြောခဲ့ကြောင်း သိရပါတယ်။
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နဲ့ တွေ့ဆုံခဲ့တာနဲ့ ပတ်သက်ပြီး၊ NLD ဗဟိုမဲစာရင်းစိစစ်ရေး အဖွဲ့ ခေါင်းဆောင် ဦးထွန်းထွန်းဟိန် ကို RFA သတင်းထောက် မမိုးကလျာဦး ဆက်သွယ်မေးမြန်ခဲ့ပါတယ်။