ဦးနိုင်ငံလင်း ခွဲစိတ်မှုအောင်မြင်၊ လက်တုန့်မပြန်ဖို့ ပါတီဝင်တွေကို NLD သတိပေး


2015.10.30
naingnganlin-nld-620.jpg ရန်ကုန်ဆေးရုံကြီးမှာ အောက်တိုဘာလ ၃ဝ ရက်နေ့က သာကေတမြို့နယ် NLD လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးနိုင်ငံလင်း ကို တွေ့ရစဉ်
Photo: Htet Arkar/RFA

ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်မှာ မနေ့ညက ဓါးနဲ့ခုတ်ခံရတဲ့ အန်အယ်လ်ဒီပါတီရဲ့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးနိုင်ငံလင်းကို ခွဲစိတ်မှုအောင်မြင်ပေမယ့် လက်နှစ်ဖက်ဟာ ဓါးဒဏ် ရာတွေကြောင့် လနဲ့ချီလှုပ်ရှားလို့ ရမှာမဟုတ်ဘူးလို့ သိရပါတယ်။

ဦးခေါင်းကို ၁၀ ချက်ချုပ်လိုက်ရပြီး လက်အကြောတွေ ပြတ်သွားတဲ့အတွက် အသက်အန္တရာယ် မစိုးရိမ်ရတော့ပေမယ့် လှုပ်ရှားလို့မရသေးဘူးလို့ ဦးနိုင်ငံလင်းရဲ့ဇနီး မခင်စန္ဒာဝင်းက ပြောပါတယ်။

"ခေါင်းက ၁ဝ ချက် ချုပ်ရပါတယ်၊ ညာဘက်လက်ကကျတော့ လက်မ၊ လက်သန်း၊ လက်ခလယ် ရယ်ဖြစ်တယ်၊ လက်မသွေးကြော ၃ ချက်ရှိတာ ၁ ကြောပြတ်သွားတယ်၊ ၁ ကြောပဲကျန်တယ်၊ လက်သန်းတစ်ချောင်းကတော့ လုံးဝလှုပ်ရှားလို့မရဘူး၊ ဘယ်ဘက်ကကျတော့ လက်ကောက်ဝတ်ရယ် လက်ခလယ် ရယ်ဖြစ်ပါတယ်၊ အခုလောလောဆယ် ပင်မသွေးကြောတွေကို ပြန်စုထားပြီးပြီပေါ့နော်၊ လက်ချောင်းလေးတွေကတော့ ၃၊ ၄ လလောက် ကြာမယ်ပေါေ့နာ်၊ လှုပ်ရှားလို့မရဘူးလို့ ပြောပါတယ်၊ ဒါပေမဲ့ အဲဒါတွေကို ကြိုးစားပြီးကုပေး ပါမယ် ပြောပါတယ်ရှင့်၊ တနင်္လာနေ့ကျရင် ခွဲစိတ်မှုပြန်လုပ်ရမယ်ရှင့်"

ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသခံနေတဲ့ ဦးနိုင်ငံလင်းကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် နဲ့ ပါတီရဲ့ နာယက သူရဦးတင်ဦးတို့ လာရောက်ကြည့်ရှုခဲ့ပါတယ်။

ဦးနိုင်ငံလင်းဟာ မနေ့ညက သာကေတမြို့နယ် မန်ပြေရပ်ကွက် ၉လမ်းထိပ်မှာ ပါတီဝင်တွေနဲ့အတူ မဲဆွယ်စည်းရုံးရေးဆင်းပြီးအပြန်မှာ တိုက်ခိုက်ခံရတာဖြစ်ပါတယ်။

လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးနိုင်ငံလင်း ဓါးနဲ့အခုတ်ခံရတဲ့အမှုကို သာကေတမြို့နယ် NLD ပါတီဝင်တစ်ဦးဖြစ်တဲ့ ဒေါ်ချိုက သာကေတမြို့နယ်ရဲစခန်းမှာ အမှုဖွင့်တိုင်ကြားထားပြီး ဓါးနဲ့ခုတ်ရာမှာ ပါဝင်ခဲ့သူ ၄ ဦးကို ဖမ်းဆီးရမိပြီဖြစ်တယ်လို့ သိရပါတယ်။

ဦးနိုင်ငံလင်းဟာ ပြီးခဲ့တဲ့ ၂ဝ၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမှာ နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံထားရသူဖြစ်ပါတယ်။

ဒီအတောအတွင်း ဦးနိုင်ငံလင်း တိုက်ခိုက်ခံခဲ့ရတာနဲ့ ပတ်သက်ပြီး ပါတီဝင်တွေအနေနဲ့ လက်တုန့်ပြန်တာတွေ မလုပ်ကြဖို့ သတိပေးနှိုးဆော်တဲ့ ကြေညာချက်တစ်စောင်ကို အန်အယ်လ်ဒီပါတီက ထုတ်ပြန်လိုက်ပါတယ်။

အဲဒီကြေညာချက်ထဲမှာ ဦးနိုင်ငံလင်းနဲ့ ပါတီဝင်တချို့ကို တိုက်ခိုက်ခဲ့သူတွေကို ဥပဒေကြောင်းအရ အရေးယူနိုင်ဖို့ စီစဉ်ထားပြီးဖြစ်ကြောင်းနဲ့ တိုက်ခိုက်ခံရသူတွေရဲ့ အသက်အန္တရာယ်ဟာလည်း စိုးရိမ်စရာအခြေအနေ မရှိတော့ကြောင်း ဖော်ပြထားပါတယ်။ ဒါ့အပြင် လာမယ့်ရွေးကောက်ပွဲ တည်ငြိမ်အေးချမ်းစွာ ဖြတ်သန်းနိုင်ရေး အတွက် တစ်နိုင်ငံလုံးမှာရှိတဲ့ အန်အယ်လ်ဒီအဖွဲ့ဝင် အားလုံးလက်တုံ့ပြန်မှုတွေ မပြုလုပ်ကြဖို့ကိုလည်း သတိပေးထားပါတယ်။

ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် မဲဆွယ်စည်းရုံးမှုတွေကို အရှိန်မပျက် ဆက်လက်ဆောင်ရွက်ကြဖို့လည်း တိုက်တွန်းထားပါတယ်။

ဦးနိုင်ငံလင်း အကြမ်းဖက် တိုက်ခိုက်ခံရမှုနဲ့ ပတ်သက်လို့ နိုင်ငံရေးပါတီ ခေါင်းဆောင်တွေနဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတချို့ရဲ့ သုံးသပ်ချက်အမြင်တွေကို RFA အဖွဲ့သူ မသင်းသီရိ တင်ပြထားတာ နားဆင်နိုင်ပါတယ်။

ဒီအကြောင်း ကိုနေရိန်ကျော် တင်ပြထားတာကိုလည်း နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။