NLD ပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်းစာရင်း ဇူလိုင်၂၃ ရက်နေ့ ထုတ်ပြန်မည်


2020.07.21
dassk-622.jpg နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ယာယီဌာနချုပ် အစည်းအဝေးမှာ ၂၀၂၀ ဇူလိုင် ၂၁ရက်နေ့ က တွေ့ရစဉ်။
Photo: Thet Su Aung/RFA

NLD ပါတီရဲ့ ကိုယ်စားလှယ်လောင်း ရွေးချယ်ထားတဲ့ စာရင်းကို လာမယ့် ဇူလိုင် ၂၃ ရက်နေ့မှာ NLD ပါတီရဲ့ တရားဝင် Website ကနေ ကြေညာပေးသွားမယ်လို့ NLD ပါတီရဲ့ ဥက္ကဋ္ဌ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ ပြောလိုက်ပါတယ်။

ဒီနေ့ အစည်းအဝေးကနေ ၂၀၂၀ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် NLD ပါတီဝင် ကိုယ်စားလှယ်လောင်းတွေကို အပြီးသတ် စိစစ်ရွေးချယ်ပေးသွားမယ်လို့ အစည်းအဝေး မစခင်မှာ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

အစည်းအဝေးအပြီး ညနေပိုင်းမှာတော့ ဒေါ်အောင်ဆန်းစုကြည်က “အပင်ပန်းခံပြီးတော့ မနက်ဖြန်မလာပါနဲ့ ၂၃ ရက်နေ့ကြရင် NLD Website ကနေ ကြေညာပေးမယ်” လို့ ယာယီရုံးချုပ်ရှေ့မှာ သတင်းထုတ်ပြန်မှုကို စောင့်ဆိုင်းနေကြတဲ့ သတင်းထောက်တွေကို ပြောခဲ့တာပါ။

ဒီနေ့ ကျင်းပတဲ့ ပါတီဗဟိုအလုပ်အမှုဆောင် အစည်းအဝေးမှာ ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဒုတိယဥက္ကဋ္ဌ ၁ ဖြစ်တဲ့ နိုင်ငံတော်သမ္မတဦးဝင်းမြင့် ဒုတိယဥက္ကဋ္ဌ ၂ ဖြစ်တဲ့ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်တို့ တက်ရောက်ခဲ့ကြပါတယ်။

ပါတီရဲ့ ဒုတိယဥက္ကဌ ၂ ဖြစ်တဲ့ မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကတော့ လွှတ်တော်သုံးရပ်မှာ ဝင်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း အရေအတွက်က များတဲ့အတွက် အပြန်ပြန်အလှန်လှန် သုံးသပ်စိစစ်နေရတာဖြစ်လို့ NLD ပါတီ ကိုယ်စားလှယ်လောင်းအမည်စာရင်းကို ဒီနေ့ မထုတ်ပြန်နိုင်တာဖြစ်တယ်လို့ အစည်းအဝေးအပြီးမှာ သတင်းထောက်တွေကို ပြောပါတယ်။

ဇူလိုင် ၂၃ ရက်နေ့ မနက်မှာ NLD ပါတီရဲ့ ဝက်ဘ်ဆိုက်ကနေ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ပါတီဝင်တွေကို ကြေညာပေးသွားမှာဖြစ်တယ်လို့ ဒေါက်တာဇော်မြင့်မောင်က ပြောပါတယ်။

ကိုယ်စားလှယ်လောင်း အမည်စာရင်းကို လာမယ့် သြဂုတ်လ ၇ ရက်နေ့ နောက်ဆုံးထားတင်သွင်းရမှာဖြစ်ပြီး NLD ပါတီရဲ့ ကိုယ်စားလှယ်လောင်း အမည်စာရင်းကိုတော့ ဇူလိုင် ၂၃ ရက်နေ့မှာ ကြေညာပြီးမှသာ ရွေးကောက်ပွဲကော်မရှင်ကို အမည်စာရင်း တင်သွင်းမယ်လို့ ဒေါက်တာဇော်မြင့်မောင်က ပြောပါတယ်။

လာမယ့်ရွေးကောက်ပွဲမှာ မဲပေးခွင့်ရှိသူ ၃၇ သန်းကျော်ရှိပြီး၊ နိုင်ငံရေးပါတီပေါင်း ၉၇ ပါတီက လွှတ်တော်နေရာ ၁၁၇၁ နေရာအတွက် ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။