ရန်ကုန်တိုင်းဒေသကြီး နေရာ အားလုံး NLD အနိုင်ရ
2015.11.09

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲမဲရလဒ်တွေကို ဒီကနေ့ စတင်ကြေညာရာမှာ ရန်ကုန်တိုင်းဒေ သကြီးအတွင်းက ပြည်သူ့လွှတ်တော် အတွက် မြို့နယ်ပေါင်း ၁၂ မြို့နယ်နဲ့ ရန်ကုန်တိုင်းဒေသကြီးအတွက် ၂၄ နေရာ အားလုံးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အနိုင်ရတယ်လို့ ပြောပါတယ်။
နေပြည်တော်နဲ့ ရန်ကုန်မှာ ရွေးကောက်ပွဲရလဒ်တွေ ကြေညာပေးမယ့် မီဒီယာစင်တာ တွေ ဖွင့်ပွဲမှာ ကော်မရှင် ဥက္ကဌ ဦးတင်အေးက အနိုင်ရ ကိုယ်စား လှယ်လောင်းတွေကို ကြေညာပေးခဲ့တာ ဖြစ်ပါတယ်။
အဲဒီကိုယ်စားလှယ်တွေထဲမှာ ပြည်သူ့လွှတ်တော်အတွက် ဒေါက်တာ ဒေါ်သက်သက်ခိုင်၊ ဒေါ်စန္ဒာမင်း ၊ ဦးဝင်းမြင့်၊ ဦးပြုံးချို၊ ဒေါက်တာဝေဖြိုးအောင်၊ ဒေါ်ဇင်မာအောင် စတဲ့ ကိုယ်စားလှယ်တွေ ပါဝင်ပြီး၊ တိုင်းဒေသကြီး အတွက် ဦးနိုင်ငံလင်း၊ ဦးသာအောင်၊ ဦးဝေဖြိုးဟန်၊ ဦးသိန်းဇော်၊ ဒေါ်သက်ထားနွယ်ဝင်း စတဲ့ ကိုယ်စားလှယ်တွေ ပါဝင်ပါတယ်။
ရွေးကောက်ပွဲကာလအတွင်း ပေါ်ပေါက်ခဲ့တဲ့ အမှုပေါင်း ၄၈ မှု ရှိတယ်လို့ ကော်မရှင်က ပြောပါတယ်။ ဒါပေမဲ့ ကြိုတင် မဲ ပြဿနာတွေနဲ့ ပတ်သက်လို့တော့ ထည့်သွင်း မပြောဆိုခဲ့ပါဘူး။
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဟာ ရွေးကောက်ပွဲရလဒ်တွေကို နိုဝင်ဘာလ ၉ ရက်နေ့ကနေ ၁၅ ရက်နေ့ အထိ နေ့စဉ် ၅ ကြိမ် ကြေညာပေးမှာ ဖြစ်ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ရွေးကောက်ပွဲအပြီး ပထမဦးဆုံးအကြိမ် အဖြစ် ရွှေဂုံတိုင်လမ်း ဌာနချုပ်မှာ လူထုကို ဒီကနေ့ မိန့်ခွန်း ပြောကြားခဲ့ပါတယ်။ ဦးခင်မောင်စိုး ရဲ့ သတင်းပေးပို့ချက်ကို နားဆင်နိုင်ပါတယ်။
ရွေးကောက်ပွဲအနိုင်အရှုံးနဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ် အမှုဆောင်အဖွဲ့ဝင် ဦးဉာဏ်ဝင်းကို ဦးခင်မောင်စိုး က တွေ့ဆုံမေးမြန်းခဲ့ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဆိပ်ကြီးခနောင်တိုမြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ် အမှတ် ၁ မှာ အနိုင်ရခဲ့တဲ့ ဒေါ်စန္ဒာမင်း ကို ဦးခင်မောင်စိုး က တေ့ွဆုံ မေးမြန်းခဲ့ပါတယ်။
ဟသာၤတခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ခံ ဦးမောင်မောင် ကို RFA သတင်းထောက် မဝေယံမိုးမြင့် က တွေ့ဆုံမေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
ရွေးကောက်ပွဲအပြီး ပေါ်ပေါက်လာမယ့် အစိုးရသစ်ကို ပြည်သူတွေဘယ်လို သဘောထားတယ်၊ ရွေးကောက်ပွဲ ရလဒ်တွေ တကယ်ပဲ မှန်မှန်ကန်ကန် ထုတ်ပြန်ပေးပါ့မလားဆိုတဲ့ အပေါ် ရန်ကုန်မြို့ခံတွေရဲ့ အမြင်ကို RFA သတင်းထောက် ကိုသီဟထွန်းက မေးမြန်းတင်ပြထားပါတယ်။