NLD ဗဟိုလူငယ်ညီလာခံ နေပြည်တော်မှာ ကျင်းပမည်


2018.04.01
nld-youth-conference-622.jpg ရန်ကုန်တိုင်း လူငယ်ညီလာခံ ကိုယ်စားလှယ်များ တွေ့ဆုံပွဲကို ၂၀၁၈ ခုနှစ် မတ်လ ၂ ရက်နေ့က ယုဒဿန်ခန်းမမှာ စတင်ကျင်းပစဉ်
Photo: Aung Thain Kha/RFA

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ ဒုတိယအကြိမ်မြောက် နိုင်ငံလုံးဆိုင်ရာ ဗဟိုလူငယ်ညီလာခံကို နေပြည်တော် က မြန်မာကွန်ဗင်းရှင်းစင်တာ ၂ မှာ လာမယ့် ဧပြီလ ၇ ရက်နေ့မှာကျင်းပမယ်လို့ NLD လူငယ်ညီလာခံ ဖြစ်မြောက်ရေးကော်မတီက ကြေညာလိုက်ပါတယ်။

တစ်နိုင်ငံလုံးက အသက် ၃၀ နှစ်အောက် ပါတီရဲ့လူငယ်အင်အား ၇သောင်းခွဲကျော်ရဲ့ ကိုယ်စားလှယ်တွေ တက်ရောက်ကြမှာဖြစ်တယ်လို့ ညီလာခံဖြစ်မြောက်ရေးကော်မရှင် ဥက္ကဌ ဦးမောင်မောင်ဦး က ပြောပါတယ်။

"တစ်နိုင်ငံလုံး လူငယ်အင်အား ပါတီဝင်အင်အား ၇၅၀၀၀ ကျော်တယ်၊ ဗဟိုညီလာခံကိုတက်မယ့် လူငယ် ကိုယ်စားလှယ်ပေါ့ လာပြီးတက်မယ့်ကိုယ်စားလှယ်ပေ့ါ ၂၆၀ ကျော်ရှိတယ်၊ တရားဝင် တက်ရောက်ခွင့်ရှိတဲ့ သူတွေချည်းပဲ အသက် ၃၀ နှစ်အောက်တွေချည်းပဲ၊ ဒီဟာကိုလာပြီး ကြီးကြပ်မယ့်သူတို့ ဗဟိုကော်မရှင်တို့ အားလုံးပေါင်းလိုက်ရင် ၄၀၀ လောက်ရှိမယ်"

မြို့နယ်၊ ခရိုင်၊ တိုင်းနဲ့ပြည်နယ်အဆင့်ဆင့်တို့က ရွေးချယ်လိုက်တဲ့ လူငယ်မျိုးဆက်သစ်တွေကို ဗဟို လူငယ် ညီလာခံက ဆက်လက်ရွေးချယ်သွားမှာဖြစ်ပါတယ်။

အရင် ပထမအကြိမ်လူငယ်ညီလာခံ ကျင်းပစဉ်က အသက် ၁၆ နှစ်ကနေ ၃၅ နှစ်ကြား လူငယ်တွေနဲ့ ဖွဲ့စည်းခဲ့တာဖြစ်ပြီး အခုကျင်းပမယ့် ဒုတိယအကြိမ်မြောက်ညီလာခံမှာတော့ အသက် ၁၆ နှစ် ကနေ ၃၀ နှစ်ကြား လူငယ်တွေနဲ့ ဖွဲ့စည်းသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ပါတီရဲ့ မူအရ တိုင်းရင်းသားနဲ့ အမျိုးသမီးတွေ ပါဝင်အောင် ဦးစားပေး ဖွဲ့စည်းသွားဖို့ရှိတယ်လို့ သိရပါတယ်။

အဲဒီညီလာခံကို ပါတီဥက္ကဌဖြစ်တဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နဲ့ သမ္မတဖြစ်တဲ့ ပါတီ ဒုတိယဥက္ကဌ ၁ ဦးဝင်းမြင့်တို့ တက်ရောက်မှာမဟုတ်ဘူးလို့လည်း ဦးမောင်မောင်ဦးက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။