NLD လွတ်မြောက်နယ်မြေ ဌာနခွဲများ ဂျပန်ငလျင်ဘေး ငွေလှူမည်

မတ်လ ၁၁ ရက်နေ့က စပြီး လှုပ်ခတ်ခဲ့တဲ့ ဂျပန်ငလျင်ဘေးရဲ့ ပျက်စီးဆုံးရှုံးမှုတွေအတွက် ထိုင်း-မြန်မာနယ်စပ်အခြေစိုက် NLD (လွတ်မြောက် နယ်မြေ-ဗဟို) နဲ့ နိုင်ငံတကာမှာ ရှိတဲ့ NLD (လွတ်မြောက်နယ်မြေ) ဌာနခွဲတွေ စုပေါင်းပြီး အာဏာရ ဂျပန်ဒီမိုကရက်ပါတီ (DPJ) ကို အမေရိကန် ဒေါ်လာ ၈,၃၀၀ ကျော်နဲ့ညီမျှတဲ့ ဂျပန်ယန်းငွေ ၁၀ သိန်း လှူဒါန်းသွားမယ်လို့ သိရပါတယ်။

2011.03.21
quake_japan_evacue_305_z.png ဂျပန်နိုင်ငံတွင် မတ်လ ၁၁ ရက်က ငလျင်ကြီး၏ ဒဏ်နှင့် ဆုနာမိ ရေလှိုင်းဒဏ်များ ခံရပြီးနောက် ဆင်းဒိုင်မြို့ရှိ ခိုလှုံရေးစခန်းတခုတွင် ဒုက္ခသည်များကို နေရာချထားပုံ ဖြစ်ပါသည်။ (Photo: AFP)
Photo: AFP

ဒီ အကူအညီအတွက် NLD (လွတ်မြောက်နယ်မြေ-ဂျပန်ဌာနခွဲ) က ဦးစီးလှုံ့ဆော်ခဲ့တာ ဖြစ်ပြီး ဂျပန်ဒီမိုကရက်ပါတီ ဌာနချုပ်မှာ ဖွင့်လှစ်ထားတဲ့ ကူညီကယ်ဆယ်ရေး လက်ခံဌာနကို လာမဲ့ ရက်ပိုင်းအတွင်း သွားရောက် လှူဒါန်းမှာ ဖြစ်ကြောင်း သိရပါတယ်။

ဂျပန် ငလျင်ဘေးသင့် ပြည်သူတွေကို ကူညီဖို့အကြောင်း ဖြစ်လာတာနဲ့ပတ်သက်ပြီး NLD (လွတ်မြောက်နယ်မြေ-ဂျပန်ဌာနခွဲ) အတွင်းရေးမှူး ကိုသောင်းမြင့်ဦးက ခုလို ရှင်းပြပါတယ်။

“ဒီ ဂျပန်အစိုးရ အာဏာရ ပါတီဖြစ်တဲ့ ဒီမိုကရေစီ ပါတီကို ကျွန်တော်တို့ အမျိုးသား ဒီမိုကရေစီ လွတ်မြောက်နယ်မြေ ဗဟိုနဲ့ ဂျပန် ဌာနခွဲအပါအဝင် ဌာနခွဲတွေကနေ ပေါင်းပြီးတော့ ဂျပန် ပိုက်ဆံ ယန်း သောင်း ၁၀၀၊ ကျွန်တော်တို့ လှူဒါန်းဖို့ ရှိပါတယ်။”

“အခုလို ကူညီဖို့ ဖြစ်လာတဲ့ အကြောင်းရင်းက ကျွန်တော်တို့ ကိုယ်တိုင်လည်း မျက်မြင်ကိုယ်တွေ့ ကြုံတွေ့နေရတယ်။ နောက် ဂျပန်အစိုးရကလည်း အစဉ်တစိုက် ကျွန်တော်တို့ ဗမာတွေကို ကူညီပေးနေတာ ဖြစ်တယ်။ နောက်ပြီးတော့ အာဏာရနေတဲ့ ဒီမိုကရေစီပါတီ ဆိုတာလည်း ဗမာ့နိုင်ငံရေးကို တစိုက်မတ်မတ် ကူညီပေးနေတဲ့ ပါတီဖြစ်တယ်ပေါ့နော်။ ဒီလို အခက်အခဲတွေ ရင်ဆိုင် ကြုံတွေ့နေရတဲ့ အခါမှာ ဒီမိုကရေစီပါတီ အချင်းချင်း ကျွန်တော်တို့က ဗမာနိုင်ငံသားတွေရဲ့ ကိုယ်စား ရည်ရွယ်ပြီးတော့ လှူဒါန်းမယ်ဆိုတဲ့ ဟာမျိုးနဲ့ ကျွန်တော်တို့ ဆုံးဖြတ်လိုက်တာပါ။”

ဂျပန်အာဏာရ ဒီမိုကရက်ပါတီ DPJခေါင်းဆောင်တွေဟာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လေးစားထောက်ခံသလို မြန်မာ့ဒီမိုကရေစီရေးနဲ့ ပတ်သက်လာရင် အားလုံး ပါဝင်နိုင်မဲ့ အပြောင်းအလဲတွေ လုပ်ဖို့ မြန်မာစစ်အစိုးရကို မကြာခဏ တိုက်တွန်းလေ့ ရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။