အလုပ်သမားအဖွဲ့ချုပ် ဦးဆောင်ဖွဲ့စည်းရေး NLD က ပြန်လည် ရှင်းလင်း

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ထုတ်ပြန်ခဲ့တဲ့ မေဒေးနေ့ ကြေညာချက်မှာ နိုင်ငံလုံးဆိုင်ရာ အလုပ်သမား အစည်းအရုံးအဖွဲ့ချုပ် ကိစ္စနဲ့ပတ်သက်ပြီး ရေးသားထားတဲ့ စာသားမှာ အဓိပ္ပါယ်ကောက်ယူမှု လွဲချော်နိုင်တဲ့အတွက် ဒီကနေ့ ပြန်လည်ပြင်ဆင် ကြေညာ လိုက်ပါတယ်။

2011.05.03
port_laborers_305_z.jpg နိုင်ငံခြားသို့ တင်ပို့မည့် ဆန်အိတ်၊ ပဲအိတ်များကို ဆိပ်ကမ်းဂိုထောင်များသို့ သယ်ဆောင်နေသော ပခုံးထမ်း လုပ်သားများ ဖြစ်ပါသည်။ (Photo: AFP)
AFP

ပထမ ကြေညာချက်မှာ နိုင်ငံလုံးဆိုင်ရာ အလုပ်သမား အစည်းအရုံး အဖွဲ့ချုပ် ဖွဲ့စည်း တည်ထောင်ပြီး အလုပ်သမား အကျိုးကို NLD က အမြဲတမ်း ကာကွယ် စောင့်ရှောက်သွားမယ်လို့ရေးသားထား ပါတယ်။

ဒီရေးသားချက်အရ အလုပ်သမားအဖွဲ့ကို NLD က ဦးဆောင် ဖွဲ့စည်းမယ့်သဘော သက်ရောက် သွားခဲ့ပါတယ်။ တကယ်တမ်း ဆိုလိုချင်တာက အလုပ်သမားအဖွဲ့ကို NLD က ဦးဆောင်ဖွဲ့စည်းမှာ မဟုတ်ပဲ အလုပ်သမားအဖွဲ့ပေါ်ပေါက်လာပြီးတဲ့အခါမှာ NLD က ပံ့ပိုးကူညီသွားမယ်လို့ဆိုလိုတာ ဖြစ်ကြောင်း NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက RFA ကို ပြောပါတယ်။

"ကျတော်တို့ အရင်ထုတ်လိုက်တဲ့အထဲမှာ ဝါကျ အထားအသိုလွဲနေလို့ အဓိပ္ပါယ် နှစ်မျိုး သုံးမျိုး ပြောလာကြတယ်။ အဲဒါကြောင့်။ ဆိုလိုတဲ့ သဘောက အလုပ်သမား အဖွဲ့ချုပ်ကို NLD က ဖွဲ့မယ်ဆိုတဲ့ သဘော တချို့က သက်ရောက်နေတယ်။ အဲဒါကြောင့် အဲလို မဟုတ်ဘူး။ အလုပ်သမား အဖွဲ့ကတော့ ကိုယ့်ဖာသာကိုယ် ဖွဲ့ကြမယ်။ အဲလို ဖွဲ့ပြီးတဲ့ အခါမှာ အဖွဲ့ချုပ်ကနေပြီးတော့ အလုပ်သမား အကျိုးအတွက် ကာကွယ်စောင့်ရှောက်တဲ့ လုပ်ငန်းတွေကို လုပ်သွားမယ်လို့ အဲလို ပြင်တာပါ။"

တကယ်တမ်း အလုပ်သမားအဖွဲ့ချုပ်ကို ဖွဲ့စည်းရမယ့် ပုဂ္ဂိုလ်တွေက သက်ဆိုင်ရာ အလုပ်သမားတွေ ကိုယ်တိုင်ပဲ ဖြစ်တယ်လို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။