နိုင်ငံရေးအကျဉ်းသားများကြိုဆိုပွဲနှင့် စာတမ်းဖတ်ပွဲ အဖွဲ့ချုပ်ကျင်းပမည်

ဦးသိန်းစိန် အစိုးရရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ဒေါ်အောင်ဆန်းစုကြည်က တွေ့ဆုံ နှုတ်ခွန်းဆက်ဖို့ စီစဉ်နေတယ်လို့ စုံစမ်း သိရှိရပါတယ်။

2011.05.24
prisoners_amnesty_305_z.png အစိုးရသစ်၏ လွတ်ငြိမ်းသက်သာခွင့်အမိန့်ဖြင့် မေလ ၁၇ ရက်နေ့တွင် နာမည်ကျော် အင်းစိန်ထောင်ကြီးမှ လွတ်မြောက်လာသော အကျဉ်းသားများ ဖြစ်ပါသည်။ (Photo: AFP)
Photo: AFP

မေလ ၁၇ ရက်နေ့က ထုတ်ပြန်လိုက်တဲ့ အစိုးရရဲ့ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်အရ မြန်မာနိုင်ငံ အကျဉ်းထောင်တွေက အကျဉ်းသား တသောင်းခွဲလောက် လွတ်မြောက်ခဲ့ပေမဲ့ နိုင်ငံရေးအကျဉ်းသား ၅၀ လောက်သာ ပါဝင်ခဲ့တာပါ။

အဲဒီလွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ဒေါ်အောင်ဆန်းစုကြည်က မေလ ၂၇ ရက်နေ့မှာ တွေ့ဆုံ နှုတ်ဆက်မှာ ဖြစ်ပါတယ်။ ကြိုဆိုနှုတ်ဆက်ပွဲ အခမ်းအနားကို ရန်ကုန်မြို့ NLD ပါတီ ဌာနချုပ်မှာ ကျင်းပမှာ ဖြစ်တယ်လို့ ပါတီပြန်ကြားရေးတာဝန်ခံ ဦးအုန်းကြိုင်က ပြောပါတယ်။

“ကြိုဆိုတဲ့ အခမ်းအနားကို တက်ရောက်ဖို့အတွက် မကြာသေးမီက လွတ်မြောက်လာတဲ့ နိုင်ငံရေး အကျဉ်းသမား အားလုံးကို အကျဉ်းသား၊ အကျဉ်းသူ အားလုံးကို ဖိတ်ကြားထားပါတယ်။ မနက် ၁၀ နာရီ အရောက်လည်း ဖိတ်ကြားထားပါတယ်။ ကျွန်တော်တို့ အခမ်းအနားက ၁၁ နာရီမှာ စပါမယ်။ အခမ်းအနားပြီးရင် ရွေးကောက်ပွဲဆိုင်ရာ စာတမ်းဖတ်ပွဲ ကျင်းပပါမယ်။ အဲဒါ နောက်အခမ်းအနား တခုပါ။”

အဲဒီနောက် ၁၉၉၀ ပြည့် ရွေးကောက်ပွဲ အောင်ပွဲအထိမ်းအမှတ် အခမ်းအနားကို ဆက်လက် ကျင်းပမှာဖြစ်ပြီး ရွေးကောက်ပွဲ ဆိုင်ရာ စာတမ်းတွေ ဖတ်ကြားကြမယ်လို့ သိရပါတယ်။ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲကို NLD ပါတီ ဘာကြောင့် ဝင်ခဲ့သလဲ ဆိုတဲ့ စာတမ်းကို မွန်ပြည်နယ်က ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲအနိုင်ရ လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က ဖတ်ကြားမှာ ဖြစ်သလို ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုဖြိုးမင်းသိန်းက ၂၀၁၀ ရွေးကောက်ပွဲကို သူ့အနေနဲ့ ဘာကြောင့် မဝင်ခဲ့သလဲဆိုတဲ့ စာတမ်းကို ဖတ်ကြားမှာဖြစ်ပါတယ်။

ဒါ့ပြင် CRPP အဖွဲ့ရဲ့ အတွင်းရေးမှူး ဦးအေးသာအောင်ကလည်း ၂၀၁၀ ပြည့် ရွေးကောက်ပွဲနဲ့ ၁၉၉၀ ပြည့် ရွေးကောက်ပွဲတွေအပေါ် တိုင်းရင်းသားများရဲ့ အမြင် ဆိုတဲ့ စာတမ်းကို တင်သွင်းဖို့ ရှိကြောင်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။