ကချင်ပြည်နယ် ပါတီကိုယ်စားလှယ်များနှင့် NLD ဗဟိုခေါင်းဆောင်များ ဆွေးနွေး

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင်အဖွဲ့နဲ့ ကချင်ပြည်နယ်က စည်းရုံးရေး ကော်မတီဝင်တွေ၊ ကိုယ်စားလှယ်တွေ ပါတီဌာနချုပ်ရုံးမှာ မတ်လ ၁၈ ရက် ဒီကနေ့ အစည်းအဝေး ပြုလုပ်ခဲ့ကြရာ ကချင်ပြည်နယ် စည်းရုံးရေးကော်မတီဝင် ၈ ဦးနဲ့ မြို့နယ် စည်းရုံးရေး ကော်မတီဝင် ၁၃ ဦး၊ စုစုပေါင်း ၂၁ ဦး တက်ရောက်ခဲ့ပါတယ်။

2011.03.18
assk_kachin_dress_305_z.jpg အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် ၂၀ဝ၃ ခုနှစ်က ကချင်ပြည်နယ်သို့ စည်းရုံးရေး ခရီးထွက်စဉ် ရိုက်ကူးထားသော မှတ်တမ်းဓာတ်ပုံ ဖြစ်ပါသည်။ (Photo: RFA)
(Photo: RFA)

အခမ်းအနားမှာ သဘာပတိ အဖြစ် ဒု ဥက္ကဋ္ဌ ဦးတင်ဦးက ဆောင်ရွက်ပါတယ်။ သဘာပတိ မိန့်ခွန်းပြောပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ကလည်း နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပါတယ်။

ကချင်ပြည်နယ်အတွင်း မူးယစ်ဆေးဝါး သုံးစွဲမှု ပြန့်နှံ့နေပြီး လူငယ်တွေ နိုင်ငံရေးနဲ့ ကင်းကွာလာကြောင်း၊ ဒါ့အပြင် ယုဇနလို ကုမ္ပဏီတွေနဲ့ အာဏာပိုင်နဲ့ ပေါင်းပြီး လယ်ယာသိမ်းယူမှုတွေ ရှိနေကြာင်း၊ အန်အယ်ဒီ အနေနဲ့ တတ်နိုင်သမျှ ကာကွယ် လုပ်ဆောင်ပေးတာတွေလည်း ရှိကြောင်း တင်ပြခဲ့ကြပါတယ်။ ဒါ့အပြင် စက်ယန္တရားတွေ အသုံးပြုပြီး သစ်တောတွေကို ခုတ်ထွင် ရောင်းချနေတဲ့အတွက် သစ်တောတွေလည်း ပြုန်းတီးကုန်ပြီ ဖြစ်ကြောင်း တက်ရောက်လာတဲ့ မြို့နယ် ကိုယ်စားလှယ်တွေက တင်ပြခဲ့ပါတယ်။

မြို့နယ်တွေအလိုက် တင်ပြပြီးသွားတဲ့အခါ ဦးတင်ဦး။ ဦးဝင်းတင်၊ ဒေါ်အောင်ဆန်းစုကြည်တို့က ပြန်လည်ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ပါတီတွင်း စည်းလုံးညီညွတ်ရေး နဲ့ ဒီမိုကရေစီ အခြေခံသဘောတရားတွေကိုလည်း ထည့်သွင်း ဆွေးနွေးခဲ့ပါတယ်။

ပြည်နယ်နဲ့ တိုင်းအလိုက် ဗဟို အလုပ်အမှုဆောင်အဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးတဲ့ အစီအစဉ်မှာ ဒီကနေ့ ကချင်ပြည်နယ်နဲ့ တွေ့ဆုံမှုဟာ နောက်ဆုံး ဖြစ်ပါတယ်။

ပြည်နယ်နဲ့ တိုင်းအလိုက် ဗဟိုအလုပ်အမှုဆောင်နဲ့ ဆွေးနွေးတဲ့ အစီအစဉ်အတွင်း ကိုယ်စားလှယ် စုစုပေါင်း ၅၄၀ ကျော် တက် ရောက်ခဲ့ပြီး ဒါဟာ အောင်မြင်မှုတရပ် ဖြစ်ကြောင်း အန်အယ်ဒီ ခေါင်းဆောင်တွေက မှတ်ချက်ပြု ပြောဆိုပါတယ်။ ကယားပြည်နယ်ကတော့ အကြောင်းကြောင်းတွေကြောင့် တက်ရောက်နိုင်ခဲ့ခြင်း မရှိပါဘူး၊

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။