ညီညွတ်ကြဖို့ တော်လှန်ရေးနေ့မှာ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

မြန်မာနိုင်ငံမှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ဆိုတဲ့ တော်လှန်ရေးအောင်မြင်ဖို့ ပြည်သူလူထု အများစုက ညီညီညွတ်ညွတ်၊ စိတ်အားသန်သန် ကြိုးစားဆောင်ရွက်ကြဖို့ လိုအပ်ကြောင်း မြန်မာ့ ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် က ဒီကနေ့ ကျရောက်တဲ့ (၆၆) နှစ်မြောက် ဖက်ဆစ် တော်လှန်ရေးနေ့မှာ ပြောကြားလိုက်ပါတယ်။

2011.03.27
nld_66th_anti-facist_anniversary_305_z ၂ဝ၁၁ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် ကျရောက်သည့် ၆၆ နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ အခမ်းအနားကို ရန်ကုန်မြို့ ရွေဂုံတိုင်လမ်းရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးတွင် ကျင်းပသည့် မှတ်တမ်းဓာတ်ပုံ ဖြစ်ပါသည်။ (Photo Courtesy of demowaiyan)
(Photo Courtesy of demowaiyan)

တော်လှန်ရေးနေ့ အခမ်းအနားကို ရန်ကုန်မြို့ ရွှေဂုံတိုင်လမ်းက NLD ဌာနချုပ်မှာ ဒီကနေ့မနက်ပိုင်းက ကျင်းပခဲ့ပြီး အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းပြောခဲ့တာပါ။ ဒီအကြောင်းနဲ့ ပတ်သက်လို့ NLD ပြန်ကြားရေးတာဝန်ခံ ဦးအုန်းကြိုင်က RFA ကို အခုလို ပြောပါတယ်။

“တော်လှန်ရေးနဲ့ ညီညွတ်ရေး ဆက်နွယ်နေတယ် ဆိုတာကို အဓိကထားပြီး ပြောချင်ပါတယ်တဲ့။ တော်လှန်ရေး ဆိုတာကို ရိုးရိုး အဓိပ္ပါယ် ဖွင့်ရမယ်ဆိုရင် သိသိသာသာ ပြောင်းလဲမှုဖြစ်စဉ်ကြီးပဲပေါ့၊ သိသိသာသာ ပြောင်းလဲမှုတခု ဖြစ်နိုင်ဖို့ဆိုရင် လူအများစုကြီးက ညီညီညွတ်ညွတ်နဲ့ အပြောင်းအလဲကြီးကို လိုလားရုံတင်မက အပြောင်းအလဲအတွက် လုပ်ဖို့ကိုင်ဖို့ အဆင်သင့် ဖြစ်မှသာလျှင် အောင်အောင်မြင်မြင် လုပ်နိုင်မှာ ဖြစ်တယ်တဲ့။ ကျမတို့ လိုချင်တဲ့ ကျမတို့နိုင်ငံကို အကျိုးပြုမယ့် လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ ရရှိစေမယ့် တော်လှန်ရေးတခု အောင်မြင်ဖို့ ကျမတို့ စိတ်ဓာတ်က အဓိက အရေးကြီးပါတယ်၊ အဲဒီ စိတ်ဓာတ်ရဲ့ နောက်မှာ ညီညွတ်မှု ပါမှဖြစ်မယ်၊ ကျမတို့အားလုံးဟာ ညီညီညွတ်ညွတ်နဲ့ စိတ်ဓာတ်ကို အခြေခံပြီးတော့ ကိုယ်လိုချင်တဲ့ အပြောင်းအလဲ ဖြစ်သွားအောင်လို့ ကြိုးစားမယ် ဆိုရင် ဒီအပြောင်းအလဲဟာ မုချအောင်မြင်နိုင်မှာ ဖြစ်တယ်… စသဖြင့် နှုတ်ခွန်းဆက်စကား ပြောကြားပါတယ်”

ဒီကနေ့ အခမ်းအနားမှာ သဘာပတိအဖြစ် တာဝန်ယူခဲ့တဲ့ NLD ဒုဥက္ကဌ ဦးတင်ဦးကလည်း မြန်မာ့ တပ်မတော်သားတွေ အနေနဲ့ ဒီကနေ့ ဖြစ်နေတဲ့ အရှေ့အလယ်ပိုင်း နိုင်ငံတွေက ဖြစ်စဉ်တွေအပေါ်မှာ သင်ခန်းစာယူပြီး ကိုယ့်နိုင်ငံက တိုင်းရင်းသား ပြည်သူလူထုအားလုံး စိတ်ချမ်းသာအောင် ဆောင်ရွက်ကြဖို့ တိုက်တွန်းသွားပါတယ်။

အခမ်းအနားမှာ NLD အဖွဲ့ချုပ်ရဲ့ တော်လှန်ရေးနေ့ ကြေညာချက်ကို အထွေထွေအတွင်းရေးမှူးရဲ့ ရုံးအဖွဲ့မှူး ဦးဝင်းထိန်က ဖတ်ကြားပါတယ်။ ဒီကြေညာချက်မှာ “မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ် ဖြစ်ထွန်းရင် တပ်မတော်သားတွေလည်း အများနည်းတူ အကျိုးရှိမယ်” လို့ ဖော်ပြထားပါတယ်။ ဒီကိစ္စကိုလည်း ဦးအုန်းကြိုင်က အခုလိုပြောပါတယ်။

“… ဒီမိုကရေစီ စနစ် ဖြစ်ထွန်းပေါ်ပေါက်ရင် တပ်မတော်သားများဟာလည်း အခြား ပြည်သူပြည်သားများ နည်းတူ လူ့အခွင့်အရေးများနဲ့ သာယာတိုးတက် ဖွံ့ဖြိုးသောနိုင်ငံရဲ့ အကျိုးရလဒ်များကို ခံစားရမည် ဖြစ်ပါတယ်။ ဒီမိုကရေစီ လိုလားသော အင်အားစုများနဲ့ တပ်မတော်ကြား နားလည်မှု လွဲမှားနေခြင်းများ ပျောက်ကွယ်သွားစေရန် ဆွေးနွေးညှိနှိုင်းကြရန် အရေးကြီးကြောင်း ထပ်မံတိုက်တွန်းလိုက်ပါတယ် …”

ဒီကနေ့ အခမ်းအနားကို အမေရိကန်၊ ဗြိတိန်၊ ဂျာမဏီ၊ သြစတြေလျ စတဲ့ ရန်ကုန်မြို့ အခြေစိုက် သံတမန်တွေ၊ ဝါရင့် နိုင်ငံရေးသမားကြီးတွေနဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေလည်း တက်ရောက်ခဲ့ကြပါတယ်။

အလားတူ တော်လှန်ရေးနေ့ အခမ်းအနားကို ဝါရင့် နိုင်ငံရေးသမားကြီးတွေ ကြီးမှူးပြီး ရန်ကုန်မြို့ ပါရမီရိပ်သာမှာ ရှိတဲ့ သခင်သိန်းဖေအိမ် နေအိမ်မှာ ဒီကနေ့ မနက်ပိုင်းက ကျင်းပပါတယ်။
အခမ်းအနားကို လူ တရာလောက် တက်ရောက်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ သူရဦးတင်ဦးတို့လည်း တက်ရောက်ခဲ့ကြပါတယ်။

အခမ်းအနားမှာ ရက်စက်တဲ့ ဖက်ဆစ်ဝါဒကို ပြည်သူလူထု တရပ်လုံးက တွန်းလှန်ခဲ့တဲ့ ဖြစ်ရပ်တွေကိုပဲ အဓိကထား ပြောကြားကြတယ်လို့ ဝါရင့် နိုင်ငံရေးသမားကြီး သခင်ချန်ထွန်းက ပြောပါတယ်။

ဖက်ဆစ်တော်လှန်ရေးမှာ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခဲ့သူတွေထဲမှာ အခုဆိုရင် ဝါရင့် နိုင်ငံရေးသမားကြီးတွေ ဖြစ်တဲ့ သခင်သိန်းဖေ၊ သခင်ချန်ထွန်း၊ ဝါးခယ်မ သခင်သိန်းမောင်၊ သခင်တင်မြ၊ သခင်လှကွန်း စတဲ့ ထင်ရှားတဲ့ သခင် အနည်းငယ်သာ သက်ရှိထင်ရှား ကျန်ရှိပါတယ်။ ရဲဘော်သုံးကျိပ်ဝင် သခင်ရွှေ (ခေါ် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောက တရုတ်နိုင်ငံမှာ ရှိနေပြီး သခင်အောင်သိန်း (ခေါ်) ဗိုလ်ရဲထွတ်က ရန်ကုန်မှာ နေထိုင်နေပါတယ်။

အခုလို မတ်လ ၂၇ ရက်နေ့ ရောက်တိုင်း တော်လှန်ရေး ရဲဘော်ဟောင်းတွေ မိတ်ဆုံစားပွဲ လုပ်လေ့ရှိပြီး လေထီးဆင်း ရဲဘော်ဟောင်းတွေကလည်း သီးခြား မိတ်ဆုံစားပွဲ ကျင်းပလေ့ ရှိပေမယ့် ဒီနှစ် မကျင်းပဖြစ်ဘူးလို့ သိရပါတယ်။ လေထီး ရဲဘော်ဟောင်းတွေရဲ့ မိတ်ဆုံစားပွဲကို မနှစ်ကအထိ ကျင်းပခဲ့တာပါ။

ဝါရင့် နိုင်ငံရေးသမားကြီးတွေ ဒီကနေ့ ကျင်းပတဲ့ တော်လှန်ရေးနေ့ အခမ်းအနားကို သခင်တင်မြနဲ့ သခင်လှကွန်းတို့ မတက်ရောက်ဘူးလို့ သိရပါတယ်။ အခမ်းအနားကို စောင့်ကြည့် မှတ်တမ်းယူသူတွေ ရှိပေမယ့် အာဏာပိုင်တွေဘက်က အနှောင့်အယှက် တစုံတရာ ပေးတာမရှိဘူးလိ့ုလည်း သိရပါတယ်။

မြန်မာ သံအမတ်ဟောင်းကြီးလည်း ဖြစ်၊ ဝါရင့် နိုင်ငံရေးသမားကြီးလည်း ဖြစ်တဲ့ သခင်ချန်ထွန်းက လွန်ခဲ့တဲ့ ၆၆ နှစ်၊ ၁၉၄၅ ခုနှစ် မတ်လမှာ ဖက်ဆစ်တော်လှန်ရေး စတင် ဆင်နွှဲခဲ့ပုံတွေအကြောင်း သူမှတ်မိသရွေ့ ပြန်ပြောင်း ပြောပြထားတာတွေကို ဒေါ်စမ်းစမ်းတင်က စုစည်း တင်ပြထားပါတယ်။

စုစည်းတင်ပြချက်။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။