နွေ သောက်သုံးရေ ဖူလုံရေး အင်အယ်လ်ဒီ ပြင်ဆင်

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က လာမဲ့ ခြောက်သွေ့ရာသီမှာ ဒေသတချို့မှာ သောက်သုံးရေ ရှားပါးမှုနဲ့ ရင်ဆိုင်ရနိုင်တဲ့ အခြေအနေတွေ ရှိနေတာကြောင့် သောက်သုံးရေ ရရှိရေး တတ်နိုင်သမျှ ကူညီဆောင်ရွက်ဖို့ စတင် လုပ်ဆောင်နေကြောင်း သတင်းရရှိပါတယ်။

2011.03.01
water_donation_305_z.jpg ၂၀၁၀ ခုနှစ် နွေရာသီတွင် သောက်ရေ ပြတ်လပ်ပြီး ဒုက္ခရောက်နေသော ပြည်သူများအတွက် ရေလှူဒါန်းမည့်သူများ မေလ ၁၃ ရက်နေ့က ပဲခူးမြို့သို့ ထရပ်ကားဖြင့် ရောက်ရှိလာသည်ကို တွေ့ရပုံ ဖြစ်ပါသည်။ (Photo: RFA)
(Photo: RFA)
အခုလောလောဆယ် နာဂစ်မုန်တိုင်းသင့် ဒေသ တခု ဖြစ်တဲ့ ကွမ်းခြံကုန်းမြို့နယ် လက်ခုပ်ကုန်းရွာမှာ သောက်ရေအတွက် အဝီစိ တွင်းတတွင်း စတင်တူးဖော်နေပြီ ဖြစ်ကြောင်း အန်အယ်ဒီ ပြန်ကြားရေးတာဝန်ခံ ဦးအုန်းကြိုင်က အခုလို ပြောပြပါတယ်.

“လူမှုအထောက်အကူ လုပ်ငန်းတခု ဖြစ်တဲ့ သောက်ရေသန့် ရရှိရေးအတွက် ဆက်လက် ဆောင်ရွက်နေတယ်။ အဲ အခု ကွမ်းခြံကုန်း မြို့နယ်နဲ့ ကော့မှူးမြို့နယ်မှာ သောက်သုံးရေ အခက်အခဲ ဖြစ်နေတဲ့ ဒေသတွေမှာ အဝီစီတွင်း တူးဖော် လှူဒါန်းဖို့ကိစ္စတွေတော့ ကျွန်တော်တို့ ပြန်ပြီး ဆောင်ရွက်နေပြီ။ မနေ့ကပဲ ကျွန်တော်တို့ ကွမ်းခြံကုန်းမြို့နယ်မှာ လက်ခုပ်ကုန်း ကျေးရွာမှာ အဝီစိတွင်းတတွင်း တူးဖို့ ကျွန်တော်တို့ မနေ့က သက်ဆိုင်ရာ မြို့နယ်နဲ့ ကျွန်တော်တို့ ဆုံးဖြတ်ပြီးတော့ စပြီးတော့ ဆောင်ရွက်လိုက်တယ်။”

“ကျွန်တော်တို့ တပတ်လောက်အတွင်းမှာ ရေချိုရမယ်လို့ ကျွန်တော်တို့ မျှော်မှန်းပြီးတော့ စပြီးတော့ တူးမယ်။ အဲဒီမှာ ကျွန်တော်တို့ မနှစ်ကတုန်းက အလွန် ပူပြင်းလာတဲ့ အခါကျတော့ အဲဒီမှာ အားထားပြီး သောက်သုံးနေရတဲ့ ရေကန်ကြီး သုံးကန်က နွေရာသီမှာ ခမ်းခြောက်ကုန်တယ်။”

လက်ခုပ်ကုန်း မဟာကိုးဆူတိုက် ဘုန်းတော်ကြီး ကျောင်းဝင်းအတွင်းမှာ ဆရာတော်ရဲ့ ခွင့်ပြုချက်နဲ့ အဝီစိတွင်း တူးဖော်နေပြီး သောက်ရေကန်၊ မီးစက်နဲ့ ရေတင်စက်တွေပါ အပြီး တပ်ဆင်မှာ ဖြစ်ပါတယ်။ လာမဲ့ ရက်သတ္တပတ်တွေအတွင်း သောက်သုံးရေ စတင် ရရှိနိုင်တော့မှာ ဖြစ်ကြောင်း ဦးအုန်းကြိုင်က ပြောပါတယ်။

ကော့မှူးမြို့နယ်အတွင်းမှာလည်း မကြာခင် ဆက်လက်ပြီး အဝိစိတွင်း စတင်တူးဖော်နိုင်ဖို့ ဒေသ ဆိုင်ရာ အန်အယ်ဒီ တာဝန်ရှိသူတွေနဲ့ ဆွေးနွေး ပြင်ဆင်နေကြောင်းလည်း သိရပါတယ်။

ဒီနှစ် ခြောက်သွေ့ရာသီမှာလည်း အရင်နှစ်ကလို သောက်သုံးရေ ပြတ်လပ်နိုင်တဲ့ အနေအထားတွေ တွေ့ရှိနေရတဲ့အတွက် ပြင်ဆင်မှု တွေ စတင် လုပ်ဆောင်နေပြီ ဖြစ်ကြောင်း ပြန်ကြားရေးတာဝန်ခံ ဦးအုန်းကြိုင်က ပြောပါတယ်။

“မနှစ်က အခြေအနေထက်တောင် ဆိုးတဲ့ အခက်အခဲတွေ ဖြစ်ဦးမဲ့ အလားအလာတွေ ကျွန်တော်တို့ တွေ့နေတယ်။ လာပြီးတော့ သတင်းပို့တာတွေလည်း ရှိတယ်၊ အဲ အဲဒီမှာ ကျွန်တော်တို့ဖက်ကလည်း ရေထွက် ရေရရှိနိုင်မဲ့ force တွေကို ကြိုတင်ပြီးတော့ ရှာဖွေတဲ့လုပ်ငန်း ရေစစ်ဆေးတဲ့ လုပ်ငန်းတွေ ဘာတွေ အခုကတည်းက ကျွန်တော်တို့လည်းပဲ စပြီးတော့ လုပ်နေပြီ။ တကယ်လို့ မနှစ်ကလို ကြုံဖို့ ဖြစ်လာရင်တော့ပေါ့ဗျာ၊ ကူညီနိုင်အောင်လည်းပဲ ကျွန်တော်တို့လည်းပဲ အချိန်မီ လုပ်ဖို့ ကျွန်တော်တို့ ပြင်ဆင်နေတယ်။ အဲဒါ အထွေထွေ အတွင်းရေးမှူးရဲ့ ဆန္ဒအရပဲ၊ အထွေထွေ အတွင်းရေးမှူးကလည်း အဲဒီကိစ္စတွေကို သူက အလွန် စိတ်ဝင်တစား အားပေးတယ်။ သူက အဲဒါတွေ လူထုရဲ့ အခက်အခဲတွေကို ကူညီပါတဲ့၊ ဒါ အလွန် မွန်မြတ်တဲ့ လုပ်ငန်းပါလို့ ကျွန်တော်တို့ကို လမ်းညွှန်ထားတော့ ကျွန်တော်တို့ အဲဒါတွေလည်း လုပ်ဖို့ စီစဉ်နေပါတယ်ခင်ဗျ။”

ပြီးခဲ့တဲ့နှစ် ခြောက်သွေ့ရာသီတုန်းကလည်း ဒီဒေသတွေအတွင်း သောက်သုံးရေ ပြတ်လပ်သွားတာကြောင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က အရေးပေါ် ရေထောက်ပံ့ရေး လုပ်ငန်းတွေ လုပ်ကိုင်ခဲ့ပါတယ်။ ကွမ်းခြံကုန်း မြို့နယ်အတွင်း တူးဖော်နေတဲ့ အဝိစီတွင်းအတွက် ကျပ်သိန်း ၃၀ လောက် ကုန်ကျမှာ ဖြစ်ပြီး၊ လောလောဆယ် အလှူရှင်တွေထံက လက်ခံ ရရှိတဲ့ငွေနဲ့ ရေရရှိရေး လုပ်ငန်းတွေကို လုပ်ကိုင်နေရတာ ဖြစ်ကြောင်း သိရပါတယ်။

ရေရရှိရေး လုပ်ငန်းအတွက် လှူဒါန်းလိုလျှင် အန်အယ်ဒီ ဌာနချုပ်ရုံးကို ဖြစ်စေ၊ ဒေသဆိုင်ရာ အန်အယ်ဒီ တာဝန်ရှိသူတွေကို ဖြစ်စေ ဆက်သွယ်ပြီး လှူဒါန်းနိုင်ကြောင်း သိရှိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။