ကုမ္ပဏီသိမ်း ကျောင်းမြေကိစ္စ ယူနီဆက်ဖ်ကို အကြောင်းကြား
2011.01.25

ရွှေဟိန်းထက်ကုမ္ပဏီက တရုတ်နိုင်ငံကို တင်ပို့မဲ့ ကျောက်စိမ်းတွေ ခွဲစိတ်တဲ့ အလုပ်ရုံအတွက် အဲဒီ ကျောင်းမြေနေရာ ၂ ဧကလောက်ကို ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာ သိမ်းယူထားတာပါ။
ဒီကိစ္စနဲ့ ပတ်သက်လို့ လိုက်လံ ဆောင်ရွက်ပေးနေတဲ့ NLD အဖွဲ့ချုပ်ဝင် ဦးသက်ဝေက RFA ကို အခုလို ပြောပါတယ်။
“အမက ၂၆ ရဲ့ မြေပေါ့ဗျာ၊ အိုးအိမ်မှာလည်း မူလတန်းကျောင်းပိုင်မြေ ဆိုတာ ထွက်ထားပြီးသား။ ဒါပေမဲ့ အဲဒီမှာ ကုမ္ပဏီ လုပ်ငန်းပိုင်ရှင် တဦးကနေပြီးတော့ မြို့နယ် စည်ပင်သာယာရေး ကော်မတီနဲ့ ပေါင်းပြီးတော့ အဲဒီ ၂ ဧကကျော်ကိုပေါ့ဗျာ၊ သူတို့ မတရား သိမ်းပိုက်လိုက်တယ်။ အဲဒါ ကျောင်းကနေပြီးတော့ တိုင်တာဗျာ၊ မြို့နယ် ပညာရေးမှူး၊ တိုင်းပညာရေးမှူး အဲလို ပညာရေး ဝန်ကြီးဌာန တိုင်ပေမဲ့ ဘာမှ အရေးယူ ဆောင်ရွက်မှု မရှိဘူး။ မရှိတဲ့အခါကျတော့ အဲဒါနဲ့ ကျွန်တော်တို့ အဖွဲ့ချုပ်ကို လာပြီးတော့ အကူအညီ တောင်းတယ်။ တောင်းတဲ့အခါကျတော့ ဗဟိုက ဒီနေ့ပေါ့ဗျာ၊ ဘဘ ဦးတင်ဦးကနေ ဗဟို ဥပဒေ အထောက်အကူပြု အနေနဲ့ ဒီကိစ္စနဲ့ ပတ်သက်လို့ သူတို့ တင်ပြတဲ့ အထောက်အထားတွေ ခိုင်လုံတဲ့အတွက် ဒီ ပညာရေးနဲ့ ပတ်သက်တဲ့အတွက် သူက ယူနီဆက်ဖ်က education section ကို ပို့တယ်။ ယူနီဆက်ဖ်က ဌာနေကိုယ်စားလှယ်ဆီကိုလည်း ပို့တယ်။”
NLD ဒုဥက္ကဋ္ဌ ဦးတင်ဦး လက်မှတ်ထိုးပြီး ဒီကနေ့ ယူနီဆက်ဖ်ကို တင်ပြလိုက်တာ ဖြစ်ပါတယ်။ အဲဒီ ကျောင်းမြေနေရာကို အရင်က ကလေးတွေအတွက် ကျောင်း အားကစားကွင်း ပြုလုပ်ထားတာပါ။ အဲဒီနေရာဟာ အဝေးပြေး လမ်းမပေါ်မှာ တည်ရှိပြီး စီးပွားရေး အကွက်အကွင်း ကောင်းတဲ့အတွက် အခုလို သိမ်းဆည်း ခံလိုက်ရတာလို့ ဆိုပါတယ်။
ဒီကိစ္စကို မိဘဆရာအသင်းနဲ့ ရပ်ကွက်သူ ရပ်ကွက်သားတွေကလဲ မကျေနပ်ကြဘူးလို့ သိရပြီး၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က အတတ်နိုင်ဆုံး တရားဥပဒေအရ ရပ်တည်ပေးသွားမယ်လို့ ပြော ပါတယ်။
ဒီကျောင်းမြေနေရာပြန်ပေးဖို့ ပညာရေးဝန်ကြီးဌာန လက်အောက်ခံ အခြေခံပညာ(၃) ကလည်း ကုမ္ပဏီကို စာပို့ထားပေမဲ့ ကုမ္ပဏီက ခုချိန်ထိ ပြန်မရုပ်သိမ်းသေးဘူးလို့ သိရပါတယ်။