အမျိုးသမီးများ စွမ်းရည်ပြဖို့ NLD တိုက်တွန်း

ဒီကနေ့ မတ်လ ၈ ရက်မှာ ကျရောက်တဲ့ နှစ်တရာပြည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့မှာ မြန်မာ အမျိုးသမီးတွေ၊ ကမ္ဘာ့အမျိုးသမီးတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို စာနာမိကြောင်းနဲ့ အမျိုးသမီးတွေရဲ့ စွမ်းဆောင်နိုင်စွမ်းကို ပြသဖို့လိုကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က တိုက်တွန်းလိုက်ပါတယ်။

2011.03.08
womens_day_philippine_305_z.png မတ်လ ၈ ရက်နေ့တွင် ကျရောက်သော နှစ် ၁၀၀ ပြည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့က ဖိလိပိုင်နိုင်ငံ မနီလာမြို့တွင် ဖိလိပိုင်အမျိုးသမီးများက မြန်မာနိုင်ငံတွင် အမျိုးသမီးများအပေါ် ကျူးလွန်နေသည့် လူမဆန်သော ရာဇဝတ်မှုများကို ဆန့်ကျင် ဆန္ဒပြနေခြင်း ဖြစ်ပါသည်။ (Photo: AFP)
Photo: AFP

ဒီကိစ္စနဲ့ပတ်သက်လို့ NLD ဗဟို အလုပ်အမှုဆောင်     အဖွဲ့ဝင် ဒေါက်တာ မေဝင်းမြင့်က ခုလို ပြောပါတယ်။

“ကမ္ဘာ့ နိုင်ငံအသီးသီးမှာ ရှိတဲ့ အမျိုးသမီးတွေရဲ့ လူ့အခွင့်အရေး၊ တန်းတူရေး၊ ဒီမိုကရေစီရေး လှုပ်ရှားမှု အားလုံးကို ကျွန်မတို့ရဲ့ လှုပ်ရှားမှုရဲ့ အစိတ်အပိုင်း တခုအဖြစ် ခံယူထားတယ်။ တခြားနိုင်ငံမှာ ဘယ်လိုပဲ အမျိုးသမီးတွေရဲ့ တောင်းဆိုမှုများကိုမဆို ကျွန်မတို့ ထောက်ခံ အားပေးသွားမယ်။ ကျွန်မတို့ တောင်းဆိုနေတဲ့ ရုန်းကန်မှု၊ လှုပ်ရှားမှုတွေကို စာနာ ထောက်ထားပြီးတော့ အားပေး ကူညီကြတဲ့ နိုင်ငံ အသီးသီးမှာ ရှိတဲ့ အစိုးရတွေ၊ ပါတီတွေ၊ အသင်းအဖွဲ့တွေ၊ လူပုဂ္ဂိုလ်တွေ၊ ကမ္ဘာ့ နိုဘယ်လ်ဆုရှင်တွေ၊ ဘာသာစုံ အားလုံးကို ကျွန်မတို့က လေးစား တန်ဖိုးထားရှိပါတယ် ဆိုတဲ့အကြောင်း ကျွန်မတို့ ဒီနေ့ ကြေညာချက် ထုတ်ပြန်တာ ဖြစ်ပါတယ်။”

အထူးသဖြင့် နိုင်ငံရေး ယုံကြည်ချက်ကြောင့် အကျဉ်းကျနေတဲ့ မြန်မာ့အမျိုးသမီး ၅၀ ကျော်အတွက် အထူး စာနာမိသလို၊ နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော်ရဲ့ နောက်ကွယ်ကနေ ထောက်ပံ့ကူညီနေတဲ့ မိခင်တွေ၊ ဇနီးသည်တွေ၊ အစ်မနဲ့ နှမတွေရဲ့ ထောင်ဝင်စာ တွေ့ဖို့ ရုန်းကန်နေရတာကိုလည်း အသိအမှတ်ပြု လေးစားမိတယ်လို့ ဒေါက်တာ မေဝင်းမြင့်က ပြောပါတယ်။

“ကျွန်မတို့ အမျိုးသမီး ၅၀ ကျော် အကျဉ်းကျခံနေရတယ်။ ဘယ်လိုပဲ ဒုက္ခဆင်းရဲ ခံနေရသည် ဖြစ်စေ၊ ဘယ်လောက်ပဲ ပေးဆပ်မှုတွေနဲ့ ကြုံတွေ့ရသည် ဖြစ်စေ၊ ဒီ ငြိမ်းချမ်းရေးနဲ့ လူ့အခွင့်အရေး အပြည့်အဝ ရရှိတဲ့ ဒီမိုကရေစီနိုင်ငံ ပေါ်ပေါက်ဖို့အတွက် ကျွန်မတို့ အမျိုးသမီးထုက ဆက်လက်ပြီးတော့ လှုပ်ရှားသွားဖို့ သန္နိဋ္ဌာန် ချထားတယ်ဆိုတဲ့အကြောင်း တင်ပြထားပါတယ်။”

ဒါ့အပြင် မြန်မာနိုင်ငံမှာ အမျိုးသမီးတွေအနေနဲ့ ပြည်တွင်းစစ်ထဲမှာ အဓမ္မ ပြုကျင့်ခံရတာ၊ စားဝတ်နေရေး ကျပ်တည်းမှုကြောင့် ခက်ခက်ခဲခဲ ရုန်းကန်နေရတာတွေ၊ လူကုန်ကူးသမားတွေရဲ့ ရောင်းစားခံရတာတွေကို ဒီကြေညာချက်မှာ ထောက်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။