ငြိမ်းကော်မရှင်နဲ့ မွန်ပြည်သစ် ပါတီ တွေ့ဆုံ
2017.05.18

အစိုးရ ငြိမ်းချမ်းရေး ကော်မရှင်က ဦးအောင်ကြည် ဦးဆောင်တဲ့အဖွဲ့ဟာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီးမှာ မွန်ပြည်သစ်ပါတီ NMSP ဥက္ကဌ နိုင်ထောမွန် ဦးဆောင်တဲ့အဖွဲ့ နဲ့ မနေ့က တွေ့ဆုံဆွေးနွေး ခဲ့ကြတယ်လို့ သိရပါ တယ်။ ဆွေးနွေးတဲ့အကြောင်းအရာကိုတော့ မသိရပါဘူး။
ငြိမ်းချမ်းရေး ကော်မရှင် အဖွဲ့ဟာ UNFC ကဖွဲ့ထားတဲ့ နိုင်ငံရေးဆိုင်ရာ ဆွေးနွေး ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ DPN နဲ့ လာမယ့် မေလ ၂ဝ ရက်နေ့မှာ တွေ့ဆုံဆွေးနွေးဖို့ မူလက သဘောတူထားခဲ့ပါတယ်။
ဒါပေမယ့် အစိုးရငြိမ်းချမ်းရေး ကော်မရှင်ကို တိုင်းရင်းသားတွေဖက်က အကြောင်းပြန်ဖို့ရှိတဲ့ ကတိကဝတ်စာချူပ် လက်မှတ်ထိုးရေး ကိစ္စအပါအဝင် NCA နောက်ဆက်တွဲ သဘောတူညီချက်ဆိုင်ရာ ကိစ္စ တွေကို လာမယ့် မေလ ၂၂ ရက်နေ့ ကျင်းပမယ့် UNFC ဗဟိုအလုပ်အမှုဆောင်ကော်မတီ အစည်းအဝေးကျမှ ဆုံးဖြတ်မှာ ဖြစ်တဲ့အတွက် အဲဒီလို မေလ ၂ဝ ရက်နေ့တွေ့ဆုံမယ့် အစီအစဉ်ပျက်သွားခဲ့တယ်လို့ သိရပါတယ်။
ငြိမ်းချမ်းရေး ကော်မရှင်က ဦးအောင်ကြည် ဦးဆောင်တဲ့အဖွဲ့ဟာ ပြီးခဲ့တဲ့ ၂ဝ၁၆ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်နေ့ က မွန်ပြည်သစ်ပါတီ NMSP ဥက္ကဌ နိုင်ထောမွန် နဲ့ ထိုင်းနိုင်ငံ ကန်ချနဘူရီမြို့မှာ ပထမအကြိမ် တွေ့ဆုံခဲ့ပြီး အခု ဒုတိယအကြိမ် တွေ့ဆုံတာ ဖြစ်ပါတယ်။