မွန်ပြည်သစ်ပါတီ လူထုတွေ့ဆုံပွဲ ၃ ရက်ကြာ ကျင်းပ
2018.04.11

ပထမဆုံးအကြိမ်ပြုလုပ်တဲ့ မွန်ပြည်သစ်ပါတီရဲ့ လူထုတွေ့ဆုံပွဲမှာ NCA စာချုပ်ပါ အချက်တွေနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ် အပေါ် ဆွေးနွေးခဲ့ကြပြီး ရှေ့လာမယ့် နိုင်ငံရေးဆွေးနွေးပွဲတွေမှာ အခြေခံရမယ့် ကဏ္ဍကြီး လေးခုကို တက်ရောက် လာတဲ့ ကိုယ်စားလှယ်တွေက အကြံပြုဆွေးနွေးကြတယ်လို့ မွန်ပြည်သစ်ပါတီ ခေါင်းဆောင်တွေက ပြောပါတယ်။
ရေးမြို့နယ် ရေးချောင်းဖျားဒေသ ညီစားခန်းမှာ သုံးရက်ကြာကျင်းပခဲ့တဲ့ လူထုတွေ့ဆုံပွဲမှာ နိုင်ငံရေး၊ လုံခြုံရေး၊ လူမှုရေး၊ စီးပွားရေး စတဲ့ ကဏ္ဍတွေကို ဆွေးနွေးခဲ့တယ်လို့ မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီဝင် နိုင်အောင်မငေးက ဒီနေ့ နောက်ဆုံးနေ့ တေ့ွဆုံပွဲအပြီးမှာ ပြောပါတယ်။
"ဒီ NCA ဖြစ်စဉ်ကို ဆွေးနွေးခဲ့တယ်။ နောက်ပြီးတော့ ငြိမ်းချမ်းရေးဖြစ်စဉ်အကြောင်းကို ဆွေးနွေးခဲ့တယ်။ လူထုရဲ့ အကြံဉာဏ်ရယူခြင်းပေါ့နော်။ အကြံဉာဏ်ရယူခြင်းအပေါ်မှာ ဖြစ်လာမယ့် နိုင်ငံရေးဆွေးနွေးမှုအပေါ် မှာ ကျနော်တို့ ရှင်းပြလိုက်တဲ့အခါမှာ နိုင်ငံရေးဆွေးနွေးမှုက အရေးကြီးတယ်ပေါ့၊ အရေးကြီးတော့ ကျနော် တို့က ပြောပြတာပေါ့။ နိုင်ငံရေးဆွေးနွေးမှုဖြစ်လာရင် ကဏ္ဍကြီးလေးခုကို အဓိကထားဆွေးနွေးမယ်ပြောတော့ သူတို့ကလည်း ဝိုင်းဝန်းဆွေးနွေးဖို့ ကျနော်တို့က ခွင့်ပြုလိုက်တယ်လေ ။ ဒါကြောင့် ကဏ္ဍကြီးလေးရပ်အပေါ်မှာ အုပ်စုဖွဲ့ပြီးတော့ သူတို့အချင်းချင်း ဆွေးနွေးကြတယ်။ တိုင်ပင်ကြတယ်"
ဒီလူထုတွေ့ဆုံပွဲကို ပြီးခဲ့တဲ့ ဧပြီလ ၉ ရက်နေ့ကနေ ဒီနေ့ ဧပြီလ ၁၁ ရက်နေ့အထိ သုံးရက်ကြာ ကျင်းပခဲ့တာဖြစ်ပြီး မွန်ဆရာတော် သံဃာတော်တွေ၊ မွန်ပါတီက ကိုယ်စားလှယ်တွေ၊ မွန်အရပ်ဘက် အဖွဲ့တွေနဲ့ ထိုင်းနိုင်ငံကို ရောက်နေတဲ့ မွန်လူမျိုး ၂၀၀ ကျော် တက်ရောက်ခဲ့ပါတယ်။
နိုင်ငံရေး၊ လုံခြုံရေး၊ လူမှုရေး၊ စီးပွားရေး၊ မြေယာနဲ့ သဘာဝပတ်ဝန်းကျင်ကဏ္ဍတွေနဲ့ ပတ်သက်တဲ့အကြောင်း အရာတွေကို တက်ရောက်လာတဲ့ ကိုယ်စားလှယ်တွေက ဆွေးနွေးကြပြီး လူထုတွေ့ဆုံပွဲကို ကျေနပ်အားရကြောင်း နဲ့ ပြည်နယ် ဖွဲ့စည်းပုံရေးဆွဲရေးအတွက် အကြံပြုချက်ကောင်းတွေရခဲ့တယ်လို့ နိုင်အောင်မငေးက ပြောပါတယ်။
ဒီလူထုတွေ့ဆုံပွဲကနေ ရလာတဲ့ အကြံပြုချက်တွေကို မွန်အမျိုးသားတွေရဲ့ အသံအဖြစ် လာမယ့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေနဲ့ အကြောင်းအရာအလိုက် နိုင်ငံရေးဆွေးနွေးပွဲတွေမှာ တင်ပြသွားမယ်လို့ ပြောပါတယ်။
မွန်ပြည်သစ်ပါတီက သူတို့တပ်တွေ အခြေစိုက်ရာဒေသတွေမှာ လူထုတွေ့ဆုံပွဲတွေကို ကျင်းပဖို့ မူလကစီစဉ် ခဲ့ပေမယ့် တပ်မတော်ဘက်က မွန်ပြည်နယ်အတွင်းမှာ ပြုလုပ်မယ့် လူထုတွေ့ဆုံပွဲတွေကို ကန့်သတ်မူတွေ မရှိပေမယ့် ကရင်ပြည်နယ်အတွင်းမှာ ပြုလုပ်မယ့် လူထုတွေ့ဆုံပွဲတွေကိုတော့ တက်ရောက်မယ့် လူဦးရေ ကန့်သတ်ခဲ့တဲ့အတွက် အဲဒီဆွေးနွေးပွဲတွေ စတင်ဖို့ နှောင့်နှေးခဲ့ပါတယ်။
နောက်ထပ်ပြုလုပ်မယ့် လူထုတွေ့ဆုံပွဲတွေအတွက် ပြင်ဆင်မှုတွေပြုလုပ်နေပြီး ဘယ်အချိန်ကျင်းပမလဲဆိုတာ ညှိနှိုင်းရဦးမှာဖြစ်တယ်လို့ နိုင်အောင်မငေး က ပြောပါတယ်။