လေးပွင့်ဆိုင် တွေ့ဆုံပွဲအတွက် အကြိုဆွေးနွေးမည်


2015.02.07
dr-theinlwin-nner-305 ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် NNER က ဒေါက်တာသိန်းလွင် ဖေဖော်ဝါရီလ ၇ ရက်နေ့ က ဆော်လမွန်တာဝါမှာ သတင်းစာရှင်းလင်းပွဲပြုလုပ်စဉ်
Photo: Thiha Tun/ RFA

အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေးအတွက် ပညာရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေ၊ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက် NNER နဲ့ သပိတ်မှောက် ကျောင်းသား ကိုယ်စားလှယ်တွေဟာ လာမယ့် ၉ ရက်နေ့မှာ ထပ်မံတွေ့ဆုံ ဆွေးနွေးကြမှာဖြစ်ပါတယ်။

အဲ့ဒီဆွေးနွေးပွဲဟာ အကြိုဆွေးနွေးပွဲဖြစ်တဲ့အကြောင်း ရန်ကုန်မြို့ ဆော်လမွန်တာဝါမှာ ဒီနေ့ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ NNER အဖွဲ့ဝင် ဒေါက်တာ သိန်းလွင်က ပြောပါတယ်။

"ဆွေးနွေးပွဲလုပ်မယ့်ရက်ကို အတိအကျ သက်မှတ်ဖို့ရှိတယ်၊ နေရာအတိအကျ သက်မှတ်ဖို့ရှိတယ်၊ ဆွေးနွေးပွဲပုံသဏ္ဍန်ပေါ့ ၊ ဆွေးနွေးပွဲမှာ မီဒီယာတွေက ပါဝင်ခွင့် ဘယ်လိုရှိမလဲ၊ အဲ့ဒါတွေ ဆွေးနွေးမယ်၊ နောက်တစ်ကြိမ်ဆွေးနွေးမယ့် ဆွေးနွေးပွဲအစီအစဉ် မှာ ဆွေးနွေးမယ့် အာဂျင်နာကိုလည်း ကျနော်တို့ အတည်ပြုဆွေးနွေးဖို့ရှိပါတယ်"

ပညာရေးဥပဒေ ပြုပြင်ပြေင်းလဲရေးအတွက် လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲကို ဖေဖေါ်ဝါရီလ ၁၄ ရက်နဲ့ ၁၅ ရက်နေ့မှာ ပြန်လည်ကျင်းပသင့်ကြောင်း ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန့်ရှင်းကို မနေ့က တွေ့ဆုံရာမှာ တင်ပြခဲ့တယ်လို့ ဒေါက်တာသိန်းလွင်က ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့က ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမမှာ အစိုးရ၊ လွှတ်တော်၊ NNER ကိုယ်စားလှယ်တွေနဲ့ သပိတ်မှောက်ကျောင်းသားတွေ ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

အဲ့ဒီမှာနှစ်ဖက် သဘောတူညီမှုမရပဲ နေပြည်တော်မှာ ထပ်မံတွေ့ဆုံဖို့ ပြင်ဆင်ခဲ့ရာမှာ နိုင်ငံတော်သမ္မတက လာမယ့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ နောက်ပိုင်းမှသာတွေ့ဆုံဖို့ ညွှန်ကြားချက်ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

ဒေါက်တာ သိန်းလွင်ကို RFA သတင်းထောက် မဝေမာထွန်း တွေ့ဆုံမေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။