လွှတ်တော်ကြားနာပွဲ NNER မတက်ရောက်သေး


2015.03.04
dr-theinlwin-nner-305 ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် NNER က ဒေါက်တာသိန်းလွင် ဖေဖော်ဝါရီလ ၇ ရက်နေ့ က ဆော်လမွန်တာဝါမှာ သတင်းစာရှင်းလင်းပွဲပြုလုပ်စဉ်
Photo: Thiha Tun/ RFA

အမျိုးသားပညာရေးဥပဒေပြင်ဆင်ဖို့ လွှတ်တော်ကြား နာပွဲကို NNER ပညာရေးကွန်ရက် ကိုယ်စားလှယ်တွေ မတက်ရောက်တော့ဘဲ အစီအစဉ်ရွှေ့လိုက်တယ်လို့ မနေ့ညကကြေညာလိုက်ပါတယ်။

လွှတ်တော်ကြားနာပွဲကို ဒီနေ့ မတ်လ ၅ ရက်နေ့ မှာ ကျောင်းသားကိုယ်စားလှယ်တွေ တက်ရမှာဖြစ်ပြီး၊ NNER ပညာရေးကိုယ်စားလှယ်အဖွဲ့တွေက ၇ ရက်နေ့ မှာ တက်ရမှာဖြစ်ပါတယ်။ ဒါပေမဲ့ ဗမာနိုင်ငံလုံးဆိုင် ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဦးဆောင်တဲ့ သပိတ်မှောက်ကျောင်းသားတွေကို ပဲခူးတိုင်း လက်ပံတန်းမြို့မှာ အစိုးရက အင်အားသုံးတားဆီးထား လို့ ကျောင်းသားတွေမတက်နိုင်တဲ့အတွက် သူတို့လည်း မတက်သင့်ဘူးလို့ ဆုံးဖြတ်တဲ့အကြောင်း NNER ပညာရေးကွန်ရက်က ဒေါက်တာ သိန်းလွင်က RFA ကိုပြောပါတယ်။

"ရွေ့ဆိုင်းတာက အခုကျောင်းသားသပိတ်စစ်ကြောင်းကို တားဆီးနေတာရှိတယ်၊ ကျနော်တို့အဲ့ဒါကို စိုးရိမ်တယ်၊ ဒီကျောင်းသားတွေက သူတို့ခရီးကြမ်းကြမ်းနဲ့ ရန်ကုန်ကိုသွားချင်တယ် ဒါပေမယ့် သွားခွင့် မရဘူး၊ သွားခွင့်မရတဲ့အတွက် အဲ့ဒီသပိတ်စစ်ကြောင်းမှာက လေးပွင့်ဆိုင် ဆွေးနွေးပွဲတက်တဲ့ ကျောင်း သားခေါင်းဆောင်တွေပါတယ်၊ သူတို့ကမတက်နိုင်ဘူး၊ စိုးရိမ်စရာက သူတို့ကိုတားဆီးထားတယ်၊ အကြမ်းဖက်ဖြိုခွဲမယ်လို့လည်း စိုးရိမ်နေရတယ်၊ အဲ့လိုအခြေအနေမျိုးမှာ ကျနော်တို့ NNER အနေနဲ့က မတက်သင့်သေးဘူးလို့ ကျနော်တို့ ဒီနေ့စဉ်းစားဆုံးဖြတ်တယ်၊ ၇ ရက်နေ့မှာ ကျနော်တို့ချိန်းထားတာ မတက်သင့်သေးဘူး၊ ကျောင်းသားတွေကို တားဆီးတာဖယ်ရှားလိုက်ပြီးတော့ ကျောင်းသားကိုယ်စား လှယ်တွေပါ တက်ခွင့်ရတဲ့အချိန်မှာ ကျနော်တို့လည်း ပြန်လည်တက်ရောက်ဖို့  အဲ့ဒီသဘောထားရှိ ပါတယ်"

ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီဝင် ၁၅ ဦးထဲမှာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်က ခေါင်းဆောင် ၆ ယောက်ပါဝင်ပါတယ်။ သူတို့ထဲကတချို့ဟာ လက်ပံတန်းမြို့က ပင်မသပိတ် စစ်ကြောင်း မှာ တားဆီးခံထားရတဲ့အတွက် မနက်ဖြန် ၅ ရက်နေ့မှာဖိတ်ထားတဲ့ လွှတ်တော်ကြားနာပွဲကို မတက်တော့ဘူးလို့ ဗကသများအဖွဲ့ချုပ်ကလည်း ကြေညာခဲ့ပါတယ်။

ဒါ့အပြင် သပိတ်စစ်ကြောင်းကို သာယာဝတီမြို့ကနေ ရန်ကုန်ကို မော်တော်ကားတွေနဲ့ပြန်ပြီး ရန်ကုန်မြို့မှာ သပိတ်ရပ်ပွဲကျင်းပမယ်လို့ ဗကသများအဖွဲ့ချုပ်က ကြေညာထားပါတယ်။ ဒါပေမယ့် အစိုးရက သူတို့ကို လက်ပံတန်းမြို့ကနေ ခရီးဆက်ခွင့်မပြုဘဲ တားမြစ်နေတာဖြစ်ပါတယ်။

NNER ပညာရေးကွန်ရက်က လွှတ်တော်ကြားနားပွဲကို မတက်တော့ဘဲ ရွှေ့ဆိုင်းလိုက်တဲ့ကိစ္စနဲ့ ပတ်သက်လို့ ကွန်ရက်ခေါင်းဆောင် ဒေါက်တာသိန်းလွင်ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါပြီ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။