အစိုးရနဲ့ NNER အဖွဲ့ဝင်များ တိုက်တွန်း


2015.03.08
dr-theinlwin-nner-305 ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် NNER က ဒေါက်တာသိန်းလွင် ဖေဖော်ဝါရီလ ၇ ရက်နေ့ က ဆော်လမွန်တာဝါမှာ သတင်းစာရှင်းလင်းပွဲပြုလုပ်စဉ်
Photo: Thiha Tun/ RFA

လက်ပံတန်းမြို့က ကျောင်းသားသပိတ်အနေနဲ့ အစိုးရနဲ့ ထိပ်တိုက်တွေ့မယ့် လုပ်ရပ်တွေကို မလုပ်ဖို့ပညာရေး စနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက် NNER ကိုယ်စားလှယ်တွေက ပင်မသပိတ်ကျောင်း သားခေါင်းဆောင်တွေကို တွေ့ဆုံ ပြောကြားခဲ့ပါတယ်။

မကြာခင်မှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွေ ဖြေဆို ရမှာဖြစ်တာကြောင့် ရဲတပ်ဖွဲ့က တားဆီးထားတာ ကို ဖောက်ထွက်တာတွေ မလုပ်ဖို့ NNER ကိုယ်စား လှယ်တွေက လာရောက်ပြောကြားခဲ့တယ်လို့ ကျောင်း သား ကိုမင်းမင်းဇော် က ပြောပါတယ်။

"၁၀ တန်း စာမေးပွဲရှိတယ်၊ ဒီကြားထဲမှာ မနက် ကလိုမျိုး တစ်ခုခုစပြီးတော့ ကိုယ့်ဘက်ကနေ တိုးချင်လဲတိုးမယ်၊ ဖမ်းချင်လဲဖမ်းကြဆိုတဲ့ဟာ မျိုးဖြစ်သွားမှာဆိုးလို့ သူတို့က ဒီကြားထဲမှာတော့ မဆုံးဖြတ်ပါနဲ့ဆိုတာမျိုးပေါ့၊ လွှတ်တော်ထဲမှာလဲ အရပ် ဘက် အဖွဲ့အစည်းတွေကနေ သမ္မတရုံးကို စာတင်တာပေါ့နော်၊ အရပ်ဘက်အဖွဲ့အစည်းကလည်း သူတို့မှာရှိတဲ့ တချို့အင်အားတွေ သပိတ်စခန်းမှာလာကူညီဖို့ အစီအစဉ်တွေ ရှိတယ်ဆို တော့ သပိတ်အနေနဲ့ ဆန္ဒမစောဖို့ ဒီလိုပုံစံမျိုးတွေပေါ့နော်"

NNER ကိုယ်စားလှယ်တွေဖြစ်တဲ့ ဒေါက်တာသိန်းလွင်၊ ဒေါက်တာညိုညိုသင်း၊ ကိုစိုးထွန်း၊ ဒေါ်သူသူမာ တို့ က ကျောင်းသားသပိတ်ခေါင်းဆောင်တွေကို မနေ့ညက သွားရောက်တွေ့ဆုံခဲ့တာဖြစ်ပါတယ်။

တိုင်းရင်းသားပါတီတွေ နဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေက ကျောင်းသား ကျောင်းသူတွေရဲ့ တောင်းဆိုချက်တွေကို ညှိနှိုင်းဖြေရှင်းပေးဖို့ နိုင်ငံတော်သမ္မတထံ မနေ့က မေတ္တာရပ်ခံထားပါတယ်။

ပင်မသပိတ်စစ်ကြောင်းဟာ လက်ပံတန်းမြို့ကနေ သာယာဝတီမြို့ကို ချီတက်ဖို့ ကြိုးစားရာမှာ တားဆီးခံရတာဖြစ်ပြီး လက်ပံတန်းမြို့၊ အောင်မြေ ဗိမာန်ကျောင်းတိုက် အနီး တန် ၂၅၀ လမ်းထိပ်မှာ သပိတ်စခန်းဖွင့် ဆန္ဒပြနေတာ ဒီနေ့ ဆိုရင် ၇ ရက် ရှိပြီ ဖြစ်ပါတယ်။

သပိတ်မှောက်ကျောင်းသားခေါင်းဆောင် ကိုကျော်ကိုကို က ကျောင်းသား၊ ကျောင်းသူ တွေအနေနဲ့ ထိုင်သပိတ်ကို ဆက်လက်ထားရှိသွား မှာဖြစ်ပြီး ပြည်ထောင်စုအစိုးရနဲ့ ဆွေးနွေးညှိနှိုင်းလိုတယ်လို့ ပြောပါတယ်။

ကိုကျော်ကိုကို ကို RFA သတင်းထောက် မဝေမာထွန်း က ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။