သမဝါယမ၊ အားကစား၊ သိပ္ပံနဲ့နည်းပညာ၊ သတ္တုတွင်းဝန်ကြီးဌာနတွေ မရှိတော့


2016.03.17
pyitaungsu-620.jpg မတ်လ ၁၇ ရက်နေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကျင်းပနေစဉ်
Photo: RFA

အစိုးရသစ်လက်ထက်မှာ ဝန်ကြီးဌာန ၂၁ ခုနဲ့  ပြည်ထောင်စုဝန်ကြီး ၁၈ ဦး ခန့်အပ်ထားရှိ မှာဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက ဦးမန်းဝင်းခိုင်သန်း က ဒီနေ့ ကြေညာလိုက်ပါတယ်။

နိုင်ငံတော်သမ္မတ ဦးထင်ကျော် က ပြည်ထောင်စုလွှတ်တော်ထံ တင်ပြလာတဲ့ ဝန်ကြီးဌာန အရေအတွက်နဲ့ အမည်စာရင်းကို နာယက ဦးမန်းဝင်းခိုင်သန်း က ကြေညာခဲ့တာဖြစ်ပါတယ်။

"နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူက တင်ပြထားတဲ့ ပြည်ထောင်စုအစိုးရ ဝန်ကြီးဌာန ၂၁ ခုကို တင်ပြပါမယ်၊ နံပါတ် (၁) နိုင်ငံခြားရေးဝန်ကြီးဌာန၊ (၂) စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ (၃) ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ (၄) ယဉ်ကျေးမှုနှင့် သာသနာရေးဝန်ကြီးဌာန၊ (၅) သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ (၆) လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ (၇) အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ (၈) စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ (၉) စက်မှုဝန်ကြီးဌာန၊ (၁ဝ) ကျန်းမာရေးဝန်ကြီးဌာန၊ (၁၁) ပညာရေးဝန်ကြီးဌာန၊ (၁၂) ဆောက်လုပ်ရေးဝန်ကြီးဌာန၊ (၁၃) လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန် လည်နေရာချထားရေး ဝန်ကြီးဌာန၊ (၁၄) ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ (၁၅) စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ (၁၆) ပြန်ကြားရေးဝန်ကြီးဌာန၊ (၁၇) တိုင်းရင်းသားရေးရာဝန်ကြီး ဌာန၊ (၁၈) သမ္မတရုံးဝန်ကြီးဌာန၊ (၁၉) ကာကွယ်ရေးဝန်ကြီးဌာန၊ (၂ဝ) ပြည်ထဲရေးဝန်ကြီးဌာနနှင့် (၂၁) နယ်စပ်ရေးရာဝန်ကြီးဌာနတို့ဖြစ်ပါတယ်"

သမဝါယမ၊ သိပ္ပံနဲ့ နည်းပညာ၊ အားကစားနဲ့ သတ္တုတွင်းဝန်ကြီးဌာန ၄ ခုစလုံး လာမယ့်အစိုးရ လက်ထက် ဝန်ကြီးဌာန စာရင်းထဲမှာ မပါတော့ပါဘူး။ အဲ့ဒီဝန်ကြီးဌာနတွေရဲ့ လုပ်ငန်းဆိုင်ရာတွေကို ဘယ်ဝန်ကြီး ဌာနတွေအောက်မှာ ထားရှိမယ်ဆိုတာတော့ မသိရှိရသေးပါဘူး။

သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်မှာ ဝန်ကြီးဌာန ၃၆ ခုနဲ့ ဝန်ကြီးဦးရေ ၉ဝ ကျော် ရှိခဲ့ရာကနေ ဝန်ကြီးဌာန ၂၁ ခုအထိ လျှော့ချတာ ပေါင်းစည်းလိုက်တာ ဖြစ်ပါတယ်။

အခုတင်ပြတဲ့ ဝန်ကြီးဌာနစာရင်းမှာ အရင်ကမရှိခဲ့တဲ့ တိုင်းရင်းသားရေးရာဝန်ကြီးဌာနအသစ် ပါရှိပါတယ်။

အလားတူ အရင်က ဝန်ကြီးဌာန သီးသန့်စီရှိခဲ့တဲ့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနကို ပေါင်းလိုက်သလို ဆက်သွယ်ရေးနဲ့ ရထားပို့ဆောင်ရေး ဝန်ကြီးဌာနကို ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနအဖြစ် ပေါင်း လိုက်ပြီး၊ လဝကနဲ့ အလုပ်သမားဝန်ကြီးဌာနတို့ကို ပေါင်းလိုက်တာဖြစ်ပါတယ်။

၂ဝဝ၈ ဖွဲ့စည်းပုံအရ ပြည်ထဲရေး၊ နယ်စပ်ရေးရာနဲ့ ကာကွယ်ရေးဝန်ကြီးဌာနတွေအတွက် ဝန်ကြီးတွေကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တိုက်ရိုက်ခန့်အပ်ရမှာဖြစ်ပါတယ်။

ပြည်ထောင်စုလွှတ်တော်ထံ တင်ပြလာတဲ့ ဝန်ကြီးဌာနစာရင်းနဲ့ပတ်သက်ပြီး မနက်ဖြန် ပြည်ထောင်စု လွှတ်တော်မှာ ဆွေးနွေးပြီး အတည်ပြုမှာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။