ကြားဖြတ်ရွေးကောက်ပွဲ မဖြစ်နိုင်သေးကြောင်း ကော်မရှင် ဥက္ကဌ ပြောကြား
2013.06.26

ပြီးခဲ့တဲ့နှစ်က ကြားဖြတ်ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့တဲ့ မဲဆန္ဒနယ်မြေတွေမှာ ကြားဖြတ်ရွေးကောက်ပွဲတွေ ကျင်းပရမယ်ဆိုရင် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေမှာ အချိန်ကာလ သတ်မှတ်ပြဌာန်းပေးမှသာ ပြည်ထောင် စု ရွေးကောက်ပွဲကော်မရှင်က ကြားဖြတ်ရွေးကောက် ပွဲများကို ကျင်းပပြုလုပ်ပေးသွားနိုင်မှာ ဖြစ်တယ် လို့ ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးက ဒီကနေ့ ပြည်သူ့လွှတ်တော်မှာ ပြန်လည်ဖြေကြား ခဲ့ပါတယ်။
ပုသိမ်မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်ရဲ့ မေးခွန်းဖြစ်တဲ့ လစ်လပ်တဲ့ မဲဆန္ဒ နယ်တွေမှာ ကြားဖြတ်ရွေးကောက်ပွဲများ ပြုလုပ်ပေးဖို့ အစီအစဉ်ရှိသလား၊ မြေပုံမဲဆန္ဒနယ်က ဦးဖေသန်းက ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ အချိန်ကာလ အကန့်အသတ်တစ်ခု သတ်မှတ်ပြဌာန်းပေးဖို့ရှိသလားဆိုတဲ့ မေးခွန်းတွေကို ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးက ဒီကနေ့ ပြည်သူ့လွှတ်တော်မှာ ပြန်လည်ဖြေကြားခဲ့တာပါ။
ကြားဖြတ် ရွေးကောက်ပွဲများ မကျင်းပနိုင်ခဲ့တဲ့အတွက် ကချင်ပြည်နယ်အနေနဲ့ နစ်နာကြောင်း ဒါကြောင့်
ရွေးကောက်ပွဲ လုပ်ထုံး လုပ်နည်းတွေအရ ပြန်စိစစ်ပြီးတော့ ဆောင်ရွက်ပေးဖို့လိုတယ်လို့ ကချင်ပြည်နယ်
အင်ဂျန်းယန် မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဒွဲဘူကပြောပါတယ် ။
လက်ရှိမှာလည်း ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်အတွက် ၆ နေရာ အမျိုးသား လွှတ်တော်အတွက် ၄ နေရာနဲ့ တိုင်းနဲ့ပြည်နယ်တွေအတွက် ၅ နေရာမှာ လွှတ်တော်ကိုယ်စားလှယ်များ လစ်လပ်နေတာဖြစ်ပါတယ်။
ပထမအကြိမ် ကြားဖြတ် ရွေးကောက်ပွဲကို ၂ဝ၁၂ ခုနှစ် ဧပြီလ ၁ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ရာ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ မကျင်းပနိုင်ခဲ့ပါဘူး။
ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပရေးဆိုင်ရာ လွှတ်တော်တွင်း ဆွေးနွေးချက်တွေနဲ့ ပတ်သက်လို့ RFA သတင်းထောက် မရတနာဦးရဲ့ တင်ပြချက်ကို နားဆင်နိုင်ပါတယ်။