ကျောက်မီးသွေး ဓါတ်အားစက်ရုံ စီမံကိန်းရပ်ဆိုင်းဖို့ ဒေသ ခံတွေ တောင်းဆို
2016.05.12

တနင်္သာရီတိုင်းဒေသကြီး လောင်းလုံမြို့နယ် သကျက်တောကျေးရွာအုပ်စု ရမ္မဇူ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံစီမံကိန်းကို တည်ဆောက်မှာကို ရပ်တန့်ပေးဖို့ ဒေသခံ ၂ ထောင်ကျော် လက်မှတ်ရေးထိုးပြီး မနေ့က တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ထံ စာပေးပို့ တောင်းဆိုလိုက်ပါတယ်။
ဝန်ကြီးချုပ်အနေနဲ့ ကျောက်မီးသွေးစီမံကိန်းကိစ္စကို ဖြေရှင်းပေးဖို့အတွက် တောင်းဆိုလိုက်တာလို့ သကျက်တောအုပ်စု ဖွံ့ဖြိုးရေးကော်မတီ ဥက္ကဌ ဦးစစ်ထွန်းက ပြောပါတယ်။
"ဝန်ကြီးချုပ်ကိုယ်တိုင်ကလည်း ဆရာဝန်ဆိုတော့ ကျောက်မီးသွေးကထွက်လာတဲ့ ဆိုးကျိုးတွေကို ကျနော်တို့ထက် နားလည်မယ်လို့ထင်ပါတယ်၊ ရပ်တန့်မယ်ဆိုတာထက် လုံးဝမလုပ်စေချင်တာပါပဲ"
လျှပ်စစ်မဂ္ဂါဝပ် ၅ဝဝ ထွက်ရှိမယ့်စက်ရုံကို မြေဧက ၈ဝဝ ကျော်မှာ ပြည်တွင်းက 24 Hour Mining ကုမ္ပဏီနဲ့ ကိုရီးယားနိုင်ငံက ကုမ္ပဏီတစ်ခုတို့ကို ပြီးခဲ့တဲ့အစိုးရ လျှပ်စစ်ဝန်ကြီးဌာနက ၂ဝ၁၅ ခုနှစ် ဖေဖော်ဝါရီလ ၂၃ ရက်နေ့ကလုပ်ပိုင်ခွင့် ချပေးခဲ့တာဖြစ်ပါတယ်။
အဲ့ဒီစီမံကိန်းကို ၂ဝ၁၄ ခုနှစ် ဒီဇင်ဘာလကတစ်ကြိမ်၊ ပြီးခဲ့တဲ့ မတ်လကတစ်ကြိမ် ရမ္မဇူကျေးရွာ အနီးမှာ ဒေသခံတွေက ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။