ကမ္ဘာလှည့်အပျော်စီးသင်္ဘော မြန်မာမှာ ဆိုက်ကပ်ခွင့်မပြု

ဝေယံမိုးမြင့်
2020.03.02

Covid-19 လို့ခေါ်တဲ့ ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်ကြောင့် ကမ္ဘာလှည့်ခရီးသွားတွေ ပါဝင်တဲ့ Silver Spirit အပျော်စီးသင်္ဘောကို မြန်မာပိုင်နက်ထဲ ဝင်ခွင့်မပြုဖို့ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက ဆုံးဖြတ်လိုက်ပါတယ်။

မတ်လ လေးရက်နေ့မှာ မြန်မာနိုင်ငံကို ဆိုက်ကပ်ဖို့ စီစဉ်ထားတဲ့ Silver Spirit ကမ္ဘာလှည့်အပျော်စီးသင်္ဘောကို တကမ္ဘာလုံးစိုးရိမ်နေကြတဲ့ ကိုရိုနာဗိုင်းရပ် အန္တရာယ်ကြောင့် မြန်မာနိုင်ငံကို လာခွင့်မပေးဖို့ ဆုံးဖြတ်လိုက်တယ်လို့ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ထွေးက RFA ကို အတည်ပြုပြောပါတယ်။

နိုင်ငံတကာ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ကျွန်တော်တို့ နိုင်ငံမှာလည်း ရောဂါတွေ ပါလာနိုင်တဲ့ ဧည့်သည်တွေ ပါလာနိုင်တဲ့အတွက် ဆောင်ရွက်ရခြင်းဖြစ်ပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနနဲ့ ညှိနှိုင်းပြီးတော့

အမေရိကန်ပြည်ထောင်စု အခြေစိုက် Silver Spirit သင်္ဘောဟာ ခရီးသည် ၈၀၀ ကျော် တင်ဆောင်လာပြီး ရန်ကုန်မြို့ သီလဝါ ဆိပ်ကမ်းကို ကပ်ဖို့ စီစဉ်ထားတာပါ။ အင်္ဂလန်၊ အမေရိကန်နဲ့ သြစတြေးလျ နိုင်ငံကလူတွေ အများဆုံးပါဝင်ပါတယ်။

ဒီသင်္ဘောဟာ စင်္ကာပူကနေတစ်ဆင့် ထိုင်းနိုင်ငံ ဖူးခက်ကမ်းခြေကို အခုရောက်နေပါပြီ။

Silver Spirit  သင်္ဘော မြန်မာနိုင်ငံကို လာရောက်ရေးစီစဉ်တာက Myanmar Voyages International Tourism (မြန်မာ ဗွိုက်ရေးဂျက် အင်တာနေရှင်နယ် ခရီးသွားလုပ်ငန်း) က ဖြစ်ပြီး မြန်မာပြည် ခရီးစဉ်ကိုဖျက်ဖို့ အစိုးရက ညွှန်ကြားချက်ကို ရထားပြီလို့ ကုမ္ပဏီပိုင်ရှင် ဦးသက်လွင်တိုးက ပြောပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနက အဓိကပါ သူတို့က ဘက်စုံစဉ်းစားပြီးတော့ ဟိုတယ်ခရီးကိုညွှန်ကြားတာ မနေ့ထဲကပါ မလာသင့်တော့ပါဘူး အခြေအနေက အရမ်းရှုပ်ထွေးနေတော့လေ ဒါကို ကျွန်တော်တို့လည်း ဖျက်သိမ်း လိုက်ပါတယ်။

အဲဒီသင်္ဘောဟာ ပြီးခဲ့တဲ့ ၂၀၁၉ နိုဝင်ဘာလက မြန်မာနိုင်ငံကို တစ်ကြိမ်ဆိုက်ကပ်ခဲ့ပြီး ဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်ကြောင့် အပျော်စီးသင်္ဘော ဆိုက်ကပ်တာတွေကို နိုင်ငံအသီးသီးက တားမြစ်တာတွေ ရှိနေပါတယ်။

ပြီးခဲ့တဲ့ လကုန်ပိုင်းကပဲ ထိုင်ဝမ်က လာတဲ့အပျော်စီးသင်္ဘောမှာ ကိုရိုနာဗိုင်းရပ်စ် သံသယရှိသူတွေ ပါလာတယ်ဆိုတဲ့ သတင်းတွေကြောင့် ဟောင်ကောင်နိုင်ငံက ကမ်းကပ်ခွင့် မပြုခဲ့ပါဘူး။

ဖေဖော်ဝါရီလက ဂျပန်နိုင်ငံကို ဆိုက်ရောက်တဲ့ အပျော်စီးသင်္ဘောပေါ်က ခရီးသည် ၇၀၀ ကျော်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတဲ့အပြင် သေဆုံးသူ ‌‌ခြောက်ဦးရှိခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။