ရခိုင်ပြည်နယ်မှာ စစ်အင်အားတိုးချဲ့တာမရှိကြောင်း တပ်မတော်ပြော


2019.04.29
govt-army-622 အစိုးရတပ်မတော်သားတချို့ကို တွေ့ရစဉ်
Photo: RFA

မြန်မာ့တပ်မတော် အနေနဲ့ ရခိုင်ပြည်နယ်မှာ စစ်အင်အားဖြည့်တင်းတာ မရှိကြောင်း ဒီရက်ပိုင်း စွပ်စွဲချက်တစ်ခုဖြစ်တဲ့ အတွဲလိုက်ပစ်တဲ့ ဒုံးတွေကိုလည်း သုံးတာမရှိကြောင်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီးမှူး ဗိုလ်မှူးကြီး ဝင်းဇော်ဦးက RFA ကို ပြောပါတယ်။

တပ်မတော်ဘက်က စစ်ရေးအရှိန်တိုးမြှင့်ဖို့ အင်အားထပ်မံဖြည့်လာတဲ့အတွက် ရက္ခိုင့်တပ်မတော် AA က အပြင်းအထန်ခုခံရမှာ ဖြစ်တဲ့အတွက် ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနိုင်တာကြောင့် ရခိုင်ပြည်သူတွေအနေနဲ့ အသွားအလာ ဆင်ခြင်ကြဖို့ ရက္ခိုင့်တပ်မတော် AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက သတင်းမီဒီယာတွေကို ပြီးခဲ့တဲ့ရက်ပိုင်းက ပြောဆိုထားပါတယ်။

တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကတော့ AA အဖွဲ့နဲ့ ရခိုင်ပြည်သူတွေကို ခွဲခြားမြင်တာကြောင့် ဒေသခံတွေအနေနဲ့ အလွန်အကျွံ ကြောက်လန့်တာတွေ မရှိဖို့ ပြောပါတယ်။

ရဟတ်ယာဉ် အသုံးပြုတယ်ဆိုတာကလည်း ရိက္ခာသယ်ယူတာသာ ဖြစ်ကြောင်း၊ လက်ရှိနွေရာသီမှာ ကုလားတန်မြစ် ရေခမ်းခြောက်တဲ့အတွက် ရဟတ်ယာဉ်နဲ့ ရိက္ခာတွေ သယ်ယူရတာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

မြန်မာ့တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် AA တို့ တိုက်ပွဲဖြစ်ပွားလာတာ အခုဆိုရင် လေးလခန့် ရှိနေပြီဖြစ်ပါတယ်။

အဲဒီတိုက်ပွဲတွေကြောင့် ရဲတပ်ဖွဲ့ဝင်တွေနဲ့ အရပ်သား သေဆုံးသူ စုစုပေါင်း ၃၉ ဦး ရှိကြောင်း နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက မတ်လ ၂၉ ရက်နေ့က ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုထားပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုအောင်သိင်္ခ ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။