ပြန်လာမယ့်ဒုက္ခသည်တွေကို ငွေအလုံးအရင်းထောက်ပံ့ဖို့ အစီအစဉ်မရှိ


2019.03.09
rohingya-refugees-camp-622.jpg ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကုတုပလောင်ဒုက္ခသည်စခန်းကို တွေ့ရစဉ်
Photo: DIBYANGSHU SARKAR / AFP

မြန်မာအစိုးရအနေနဲ့ ဘင်္ဂလားဒေ့ရှ်ကနေ ပြန်လာမယ့် မွတ်စလင် ဒုက္ခသည်တွေရဲ့ လက်ထဲကို ငွေအလုံးအရင်းလိုက် ထောက်ပံ့ပေးသွားဖို့ မရှိဘဲ သူတို့ နေထိုင်ဖို့ အိမ်စီစဉ်ပေးတာ၊ စားသောက်စရာ၊ ကျန်းမာရေး၊ ပညာရေး ထောက်ပံ့ပေးတာတွေသာ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနရဲ့ ညွှန်ကြားရေးမှူး ဒေါက်တာ မင်းသိန်းက ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာဘဲ တရုတ်နိုင်ငံခြားရေးဌာနရဲ့ အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာ ဆွန်းကော်ရှန်းဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇက်ဘဇားခရိုင် ကုတုပလောင် ဒုက္ခသည်စခန်းက ရိုဟင်ဂျာတွေနဲ့ တွေ့ဆုံပြီး နေရပ်ပြန်ကြဖို့ တိုက်တွန်းပြောဆိုခဲ့သလို ပြန်မယ်ဆိုရင် အမေရိကန်ဒေါ်လာ ၅ ထောင်ကနေ ၆ ထောင်လောက်ထိ ပေးမယ်လို့ ပြောဆိုတယ်လို့ သူနဲ့တွေ့ခွင့်ရလိုက်တဲ့ ရိုဟင်ဂျာ လူငယ်တစ်ယောက်က RFA ကို ပြောထားပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ဘင်္ဂလားဒေရှ့်နိုင်ငံမှာရှိတဲ့ တရုတ်သံရုံး ယာယီတာဝန်ခံကတော့ တရုတ်အစိုးရအနေနဲ့ ပြန်မယ့်သူတွေကို အဲဒီလို ငွေပေးမယ်ဆိုတာမျိုး တစ်ခါမှ မပြောခဲ့ဘူးလို့ ငြင်းဆိုထားပြီး မြန်မာအစိုးရအနေနဲ့ကတော့ ပြန်လာမယ့် ရိုဟင်ဂျာတွေအတွက် ရခိုင်မှာ အိမ်ဆောက်ပေးထားပြီး အဲဒီအိမ်ကို လက်မခံဘဲ ကိုယ်တိုင်အိမ်ပြန်ဆောက်ချင်တဲ့ ရိုဟင်ဂျာ မိသားစုတွေကိုတော့ သူတို့အိမ် သူတို့ကိုယ်တိုင် ဆောက်လို့ရအောင် မြန်မာအစိုးရက ငွေထောက်ပံ့တာမျိုးတွေရှိမယ်လို့ RFA ကို ပြောပါတယ်။

အခုလို ပြောတာနဲ့ ပတ်သက်ပြီး မြန်မာအစိုးရဘက်ကို RFA က ဆက်သွယ်မေးမြန်းရာမှာတော့ ဘင်္ဂလားဒေ့ရှ်ကို ရောက်နေတဲ့ ရခိုင်ပြည်နယ်ကနေ ထွက်ခွာသွားတဲ့ မွတ်စလင်တွေ နေရပ်ပြန်လာမယ်ဆိုရင် ငါးခူရ (ရေလမ်း) နဲ့ တောင်ပြိုလက်ဝဲ (ကုန်းလမ်း) နှစ်နေရာကနေ လက်ခံဖို့ စီစဉ်ထားကြောင်းနဲ့ သူတို့တွေအတွက် စီစဉ်ထားတဲ့ အိမ်ဆောက်ထားပြီးသားနေရာတွေမှာ နေရာချပေးမှာဖြစ်ကြောင်း၊ အရင်မူလ အိမ်ရှိခဲ့ပြီးသားသူဖြစ်ရင် အဲဒီ အိမ်ကလည်း ပျက်စီးတာမျိုးမရှိရင် အဲဒီ အိမ်မှာ ပြန်ပေးနေမှာဖြစ်ကြောင်း၊ ဆောက်ပေးထားတဲ့ အိမ်မှာ မနေချင်တဲ့သူတွေအတွက် အိမ်ကို ကိုယ်တိုင်ဆောက်ချင်တဲ့သူတွေအတွက် အိမ်ဆောက်ပစ္စည်းပံ့ပိုးပေးတာ၊ အလုပ်သမားခ ပေးတာမျိုး ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်းနဲ့  အဲလို အိမ်ပြန်ဆောက်နေမယ့်သူတွေကို သတ်မှတ်ထားတဲ့ အိမ်ပုံစံအပေါ်မူတည်ပြီး အိမ်တစ်လုံးကို ခန့်မှန်း ကျပ်သိန်း ၅၀ နဲ့ ၆၀ ဝန်းကျင် ထောက်ပံ့ပေးသွားဖို့ စီစဉ်ထားပြီး သူတို့တွေရဲ့ လက်ထဲကို ငွေအလုံအရင်းလိုက်ပေးသွားမှာတော့ မဟုတ်ဘူးလို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာ မင်းသိန်းက ပြန်လည်ဖြေကြားပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် သြဂုတ်လက ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်မှုတွေ ဖြစ်ပွားပြီးတဲ့နောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားကြတဲ့ ဒုက္ခသည်တွေ မူလနေရပ်တွေမှာ နေရာပြန်လည်ချထားပေးနိုင်ရေးအတွက် ၂၀၁၇ နိုဝင်ဘာလမှာ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ လက်မှတ်ရေးထိုး စီစဉ်ဆောင်ရွက်ခဲ့ပေမယ့် ပြန်လည်လက်ခံရေး အစီအစဉ်တွေကတော့ လက်ရှိအချိန်ထိ ရွေ့ဆိုင်းနေရဆဲပဲဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားတဲ့ ဒုက္ခသည် အရေအတွက် ၇ သိန်းရှိတယ်လို့ နိုင်ငံတကာက ပြောဆိုထားပြီး မြန်မာအစိုးရဘက်ကတော့ ၅ သိန်းခန့်ရှိနိုင်တယ်လို့ ဆိုထားပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မသက်စုအောင် ပေးပို့လိုက်တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။