သမ္မတရဲ့လွှတ်ငြိမ်းချမ်းသာခွင့်မှာ နိုင်ငံရေး အကျဉ်းသားတွေ မပါ

သမ္မတဦးသိန်းစိန် အစိုးရက အကျဉ်းသား ၄၅၂ ဦး ကို ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေ ပုဒ်မ-၄၀၁(၁) အရ ဒီကနေ့ရက်စွဲနဲ့ လွတ်ငြိမ်း ချမ်းသာခွင့်ပြုလိုက်ပါတယ်။

2012.11.15
sittway_prison305 နိုင်ဝင်ဘာလ ၁၅ ရက်နေ့တွင် တွေ့ရသော မန္တလေး အိုးဘို အကျဉ်းဦးစီးဌာပုံ
Photo:RFA/San Oo

အကျဉ်းထောင်အသီးသီးက အစိုးရရဲ့လွှတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာတဲ့ အကျဉ်းသားတွေထဲမှာ လောင်းကစားသမားမှု၊ ပြည့်တန်ဆာမှု ၊ မူးယစ်ဆေးဝါးမှု၊ တပ်မတော် စည်းကမ်းဖောက်ဖျက်မှု အစရှိတဲ့  ရာဇဝတ်မှုတွေနဲ့ ထောင်ဒဏ်ကျခံနေရတဲ့ သူတွေသာ အများဆုံးပါဝင်တဲ့အတွက် သမ္မတဦးသိန်းစိန် အစိုးရကို ပြင်းပြင်ထန်ထန် ကန့်ကွက် ရှုံ့ချလိုက်တယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းများ အသင်းက ဦးထွန်းကြည်က အင်းစိန်ထောင်ရှေ့မှာ လာရောက်သတင်း ရယူနေတဲ့ သတင်းထောက်တွေကို ပြောပါတယ်။

ဒီနေ့ လွတ်လာတဲ့သူတွေမှာ နိုင်ငံခြားသားအကျဉ်းသား ၁၀ ယောက်ပါဝင်ပြီး၊ စစ်ပြေးမှုတွေ၊ စစ်စည်းကမ်းဖေါက်ဖျက်မှုတွေနဲ့အရေးယူခံထားရသူတွေ၊ အခြားရာဇဝတ် အကျဉ်းသားတွေသာ ဖြစ်တယ်လို့ AAPP အတွင်းရေးမှူး ကိုတိတ်နိုင်ကလည်း ပြောပါတယ်။

လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ကြောင့် နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်လာခြင်း မရှိဘဲ၊ ရာဇဝတ်မှုကြောင့် ပြစ်ဒဏ်ကျခံနေရသူတွေသာ လွတ်မြောက်လာတာကိုသာ မြင်တွေ့ရတဲ့ အတွက် ဝမ်းနည်းရကြောင်း ဒီကနေ့ မနက်က အင်းစိန်အကျဉ်းထောင်ရှေ့မှာ သွားရောက်စောင့်ဆိုင်းခဲ့တဲ့ နိုင်ငံရေး အကျဉ်းသားဟောင်း ဦးနေဝင်းက အခုလို ပြောပါတယ်။

"ဦးကတော့ အင်းစိန်ထောင်မှာ ၅ နှစ်နီးပါးနေခဲ့တာလေ။ ဦးတို့နဲ့ ဘဝတူနိုင်ငံရေးအကျဉ်းသားတွေ လွှတ်မြောက်ဖို့ သတင်းစာကို ဖတ်ကြည့်တဲ့အခါ သမ္မတကြီးအနေနဲ့ ဒီပြည်တွင်းငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီဖော်ဆောင်ရေးမှာ All inclusive ဆိုတဲ့စကားအတိုင်း အာလုံးပါဝင်နိုင်ရေး မျှော်လင့်ပါတယ်။ တကယ်တန်းလာတဲ့အခါ နိုင်ငံရေးအကျဉ်းသား တစ်ယောက်မှမတွေ့ဘူး များစွာစိတ်မကောင်းဖြစ်မိတယ်"

ပြည်ထဲရေးဝန်ကြီးဌာန အရာရှိတစ်ဦးကတော့ ဒီနေ့လွတ်လာမယ့်သူတွေထဲမှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူတချို့ ပါမယ်လို့ပြောဆိုကြောင်း ရိုက်တာသတင်းတပုဒ်မှာ ဖေါ်ပြထားပါတယ်။

AAPP ရဲ့စာရင်းအရ လက်ရှိအကျဉ်းထောင်အသီးသီးမှာ နိုင်ငံရေးအကျဉ်းသား ၁၇၈ ယောက် ကျန်နေသေးသလို၊ ကချင်ပြည်နယ်မှာ တရားရင်ဆိုင်နေရသူ အယောက် ၅၀ လောက် ရှိနေတယ်လို့ သိရပါတယ်။ ရန်ကုန်မြို့အခြေစိုက် နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ရဲ့ စာရင်းအရ ကျန်နေတဲ့နိုင်ငံရေး အကျဉ်းသား ၂၃၁ ယောက်ရှိတယ်လို့ အသင်းရဲ့ တာဝန်ရှိသူတဦးဖြစ်တဲ့ ကိုသက်ဦးကပြောပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ် မေလကနေ ၂၀၁၂ ခုနှစ်ဇူလိုင်လအတွင်း နိုင်ငံရေးအကျဉ်းသား ၇၀၀ ပြန်လွှတ်လာခဲ့ပြီး၊ စက်တင်ဘာလက လွှတ်ပေးတဲ့အထဲမှာ ၈၈ ယောက်ပါတယ်လို့ သိရပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ အတွင်းရေးမှူး ကိုတိတ်နိုင်ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားပါတယ်။

ကိုနေရိန်ကျော် အသံဖိုင်နားထောင်ရန်
အသံဖိုင်ယူရန်။

နိုင်ငံရေးအကျဉ်းသား မိသားစုတွေကလည်း ဒီနေ့လွှတ်ငြိမ်းချမ်သာခွင့် ပေးတယ်ဆိုတော့ မျှော်လင့်မိတဲ့ အကြောင်းတွေကို RFA ဝိုင်းတော်သူ မခင်ခင်အိ က စုစည်းတင်ပြထားပါတယ်။

မခင်ခင်အိ အသံဖိုင်နားထောင်ရန်
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။